ဝေးလ်လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဒိန်း ဆောင်းဒါးစ်ကတော့ လက်ရှိ ဝေးလ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အသင်းလက်မဲ့ ကစားသမားလည်း ဖြစ်နေတဲ့ ဂါရတ်ဘေးလ်အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဦးပြန်မော့နိုင်အောင် ကြိုးပမ်းနေတဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဝေးလ်ကြယ်ပွင့် တိုက်စစ် ကစားသမား ဂါရတ်ဘေးလ်က စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာ ကြိုက်နှစ်သက်တဲ့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရထားပါတယ်။

Photo Credit: Football 365

တဖက်မှာတော့ ဆော်ဒီ တော်ဝင်မိသားစုပိုင် ကလပ်အသင်း ဖြစ်သွားတဲ့ နယူးကာဆယ်က ယခု နွေဈေးကွက် အတွင်းမှာ ငွေကြေး အများအပြား သုံးစွဲပြီး အသင်းကို ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ကြံရွယ်နေကာ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။

ဂါရတ်ဘေးလ်ကတော့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် ဘောလုံးသမား ဘဝကနေ အနားယူဖို့ စဉ်းစားခဲ့ပေမယ့် ဝေးလ်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသွားတာကြောင့် ဝေးလ်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်အောင် သူနဲ့ သင့်တော်မယ့် အသင်းတသင်းဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Football 365

ဒါကြောင့်ပဲ ဂါရတ်ဘေးလ်အနေနဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့နိုင်တဲ့ အလားအလာတွေ ရှိနေပြီး ဝေးလ်ဂန္တဝင် ဆောင်းဒါးစ်ကတော့ နယူးကာဆယ်ဟာ ဘေးလ်နဲ့ သင့်တော်တဲ့ အသင်းတသင်း ဖြစ်ကာ ဘေးလ်အနေနဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဆောင်းဒါးစ်က – “တကယ်လို့ ကျွန်တော်ကသာ ဘေးလ်အတွက် သင့်တော်မယ့် အသင်းကို ရွေးချယ်ပေးခွင့် ရမယ် ဆိုရင် နယူးကာဆယ်ကိုပဲ ရွေးချယ်ပါမယ်။ နယူးကာဆယ်က အောင်မြင်မှုတွေဆီ ပြန်လည် ချီတက်နိုင်မယ့် စီမံကိန်းတခု ရှိနေတဲ့ အသင်းပါ။ ဒါကြောင့် ဘေးလ်က နယူးကာဆယ်နဲ့ အသင့်တော်ဆုံးပါပဲ။ နယူးကာဆယ် ပရိသတ်တွေကလည်း ဘေးလ်ကို ချစ်ကြမှာ သေချာပါတယ်” လို့ တိုက်တွန်းသွားခဲ့တာပါ။