ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဆောင်းဒါးစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာပဲ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့တော့မယ့် တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်သွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ဆာဒီယို မာနေးက ဆောက်သမ်တန် ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အသင်းဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းရာမှာ အသင်းဖော်တွေ ဖြစ်တဲ့ ဆာလာ ၊ ဗန်ဒိုက် ၊ အီဒါဆန် ၊ ဖာမီနိုတို့နည်းတူ မြင့်မားတဲ့ လုပ်ခလစာ တရပ် မပေးပဲ ကမ်းလှမ်းခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့သူပါ။

Photo Credit: Buzzers

ဆာဒီယို မာနေးဟာ လက်ရှိ လီဗာပူးမှာ တပတ် လုပ်ခလစာ ပေါင် ၁သိန်းသာ ရရှိသူ ဖြစ်ပြီး လီဗာပူးရဲ့ အရန် ကစားသမားတွေ ဖြစ်တဲ့ ချိန်ဘာလိန် ၊ နာဘီကီတာတို့က သူ့ထက် ပိုများတဲ့ လုပ်ခလစာတွေ ရနေတာကြောင့် မာနေး တယောက် လီဗာပူးကို စွန့်ခွာကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်ကြောင်း ဆီနီဂေါ နိုင်ငံသားတွေက ယူဆနေကြပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ မာနေးအတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း နီးပါး ပေးချေဖို့ သဘောတူထားသလို မာနေးကိုလည်း တပတ် လုပ်ခလစာ ယူရို ၂သိန်း ဝန်းကျင် အထိ ပေးချေကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Buzzers

လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဆောင်းဒါးစ်ကတော့ မာနေးနဲ့ ပတ်သတ်ပြီး လူအများရဲ့ ထင်မြင်မှုတွေကို လက်မခံပဲ မာနေး တယောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားတာဟာ သူ့ရဲ့ ကစားသမား ဘဝကိုပဲ ထိခိုက်မှု ရှိစေလိမ့်မယ်လို့ မှတ်ချက်ပေး ဝေဖန်သွားခဲ့ပါတယ်။

ဆောင်းဒါးစ်က – “ကျွန်တော်က ဘိုင်ယန်မြူးနစ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ ဘိုင်ယန်မြူးနစ်က ထိပ်တန်းအသင်း တသင်းပါ။ ဒါပေမယ့် ဘွန်ဒက်လီဂါပြိုင်ပွဲက မာနေးအတွက် လုံလောက်တဲ့ စိန်ခေါ်မှုတွေ ပေးနိုင်တဲ့ ပြိုင်ပွဲတခုလို့ မမြင်ပါဘူး။ မာနေးက ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂိုးတွေ အများကြီး သွင်းနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဘိုင်ယန်မြူးနစ် တသင်းထဲကပဲ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ အရည်အသွေး ရှိနေလို့ပါ။ ဒါက မာနေးအတွက် စိန်ခေါ်မှု တရပ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မာနေးက ဆေးလိပ်လေးခဲ ၊ ခုံလေးပေါ် သာသာယာယာ ထိုင်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ သူ့ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်တွေလို့ ပြောရမယ့် အချိန်၂နှစ်ကို ဖြုန်းတီးမိပါလိမ့်မယ်” လို့ ဝေဖန်သွားခဲ့တာပါ။