စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ကျိန်းသေနေပြီး ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ထဲက တသင်းထံ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နှစ်သင်းစလုံးဟာ ယခု နွေဈေးကွက် မပိတ်သိမ်းမီမှာ ကွင်းလယ်လူ တဦးကို အမိအရ ခေါ်ယူနိုင်ဖို့ အားထုတ်နေကြတဲ့ အသင်းတွေ ဖြစ်ကြပြီး လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အသာစီး ရနေပါတယ်။

Photo Credit: ESPN

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အတွင်းမှာ ပေါင် ၁၁၀သန်း ဝန်းကျင် အထိ အရှုံးပေါ်ခဲ့သလို ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဆန်ချိုနဲ့ ဗာရန်းတို့ကို ပေါင် ၁၀၀သန်းကျော် ပေးချေကာ ခေါ်ယူထားတာကြောင့် နောက်ထပ် ကစားသမားသစ် တဦး ထပ်မံ ခေါ်ယူနိုင်ဖို့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ဖို့ လိုအပ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ လူကာကူ တဦးထဲကိုသာ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်း အထိ ပေးချေကာ ခေါ်ယူထားသလို အသင်းကနေ ကစားသမား အများအပြားကို ရောင်းချခြင်း ၊ အငှားချခြင်းတို့ ပြုလုပ်ထားတာကြောင့် တန်ကြေးမြင့် ကွင်းလယ်လူ တဦးကို အေးဆေး ခေါ်ယူနိုင်တဲ့ အနေအထားမှာ ရှိပြီး ဆာအူလ်ကို မရရှိပါက မိုနာကိုအသင်းရဲ့ ကွင်းလယ်လူ ချူအိုမီနီကို ခေါ်ယူဖို့ လျာထားပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒပြင်းပျနေသူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း သူ့ကို ရတဲ့ ဈေးနဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: ESPN

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ဆာအူလ်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဆာအူလ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး တရားဝင် မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆာအူလ်ကို ယခု နွေဈေးကွက် အတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေးအင်အား မတောင့်တင်းပေမယ့် အငှားခေါ်ယူနိုင်တဲ့ အနေအထားမှာ ရှိတာကြောင့် ဆာအူလ်အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရဖွယ် ရှိပြီး ဆာအူလ်ရဲ့ အေးဂျင့်ဖြစ်သူ ဘားနက် ကတော့ သူ့ရဲ့ ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပို့ဆောင်ချင်နေပါတယ်။