စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ဟာ ယခု နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို မဖြစ်မနေ စွန့်ခွာမယ့် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စား နေကြပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်ကွင်းလယ်လူ ဆာအူလ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ လာလီဂါရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကြောင့် ပုံမှန် ပွဲထွက်ခွင့် မရခဲ့ပါဘူး။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ဆာအူလ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ဂရစ်ဇ်မန်းနဲ့ ဆာအူလ်တို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြပါတယ်။

ဒါပေမယ့် ဆာအူလ်ကတော့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ အင်္ဂလန် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့သာ ဆန္ဒရှိနေကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူကိုလည်း ပရီးမီးယားလိဂ် ကလပ်တွေထံ ပြောင်းရွှေ့နိုင်အောင် ကြိုးစားပေးဖို့ တောင်းဆိုထားပါတယ်။

Photo Credit: Daily Mail

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ လက်ရှိမှာ ဆာအူလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ စိတ်ဝင်စား နေကြောင်း သိထားရပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ ကတော့ ဆာအူလ်ဟာ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း ဆိုပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာန ကတော့ ဆာအူလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်ဟာ ဆာအူလ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆာအူလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရရှိပါက ခေါ်ယူချင်နေကြောင်း ရေးသား ဖော်ပြထားပါတယ်။