နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီး စက္ကန့်ပိုင်းအလိုမှာ ချယ်လ်ဆီးအသင်းထံ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ကွင်းလယ်လူ ဆာအူလ်ကတော့ သူဟာ အသင်းသစ်မှာ ယခင်ကလို သူ့ရဲ့ အမြင့်ဆုံး ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်အောင် ကြိုးစားသွားမယ်လို့ ကတိပေးသွားပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်သလို မဆုတ်မနစ် ကြိုးစားတတ်တဲ့ ကစားသမား တဦး ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဆိုရင် စပိန်လက်ရွေးစင် အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ်ပါ သတ်မှတ်ခံခဲ့ရသူပါ။

Photo Credit: Express

ဒါပေမယ့် ၂၀၁၉ခုနှစ် နောက်ပိုင်းမှာတော့ ဆာအူလ် နီဂွက်စ်ဟာ သူ့ရဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်လာရကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ဆာအူလ် နီဂွက်စ်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးအသင်းထံ တရာသီ အငှားနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး ချယ်လ်ဆီးအသင်းက ဆာအူလ် နီဂွက်စ်ကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဆာအူလ် နီဂွက်စ်က သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ချယ်လ်ဆီးအသင်းမှာ ပြန်လည် ရရှိအောင် ကြိုးစားသွားမှာ ဖြစ်သလို အသင်းကို အကောင်းဆုံး ကူညီနိုင်အောင် အားထုတ်သွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဆာအူလ် နီဂွက်စ်က – “တီကိုအသင်းမှာ ဖြစ်ခဲ့တဲ့ တခုတည်းသော ပြဿနာက ကျွန်တော့်ရဲ့ ပုံမှန်နေရာမှာ ကစားခွင့် မရခဲ့တာပါ။ ကျွန်တော် လုပ်ချင်တာတွေကို လုပ်ပြခွင့် မရခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ပိတ်ဆို့မှု တခု ရှိနေသလို ခံစားရပြီး အဲ့ဒါက ကျွန်တော့်ကို ပုံမှန် မဟုတ်တဲ့ နေရာတခုမှာ အကောင်းဆုံး မကစားနိုင်အောင် လုပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဆီ ပြောင်းခဲ့တာက ကျွန်တော့် အတွက် သက်တောင့်သက်သာ ဖြစ်နေတဲ့ နေရာတခုကို စွန့်ခွာလာတဲ့ သဘောပါပဲ။ ဒီအသင်းမှာ နေရာရဖို့ ဆိုတာ မလွယ်ပါဘူး။ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်က ကျွန်တော့်ရဲ့ ပုံမှန်နေရာမှာ ကစားခွင့် ရမှာပါ။ အဲ့ဒီအချိန်ဆို ကျွန်တော် ဘာတွေ စွမ်းဆောင်နိုင်လဲ ဆိုတာ အားလုံး မြင်တွေ့ရမှာပါ။ ဒါက ကျွန်တော့် အတွက် အကြီးမားဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးအသင်းမှာ ပြိုင်ဆိုင်မှုတွေ လိုချင်တယ်။ ပြီးတော့ အသင်းကို ကူညီချင်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။