ဒီနှစ်နွေစျေးကွက်အတွင်းမှာ စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ခွာသွားတော့မယ့် စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဟက်ဇ်က လာလီဂါကနေ အင်္ဂလန်မြေဆီကို သွားရောက်ကစားချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကလပ်အသင်းတွေထဲကမှ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာအူးဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက စတင်ပါဝင်ကစားလာခဲ့တဲ့ အသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်သလို အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အမြဲလိုလို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အခုလည်း အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဆာအူးကို ဘိုင်ယန်မြူးနစ် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက် ရှိနေကြပြီး စပိန်ကနေ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကစားသမားကိုယ်တိုင်က လီဗာပူးလ်အသင်းမှာ ကစားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : beIN SPORT

လီဗာပူးလ်အသင်းဟာလည်း အခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒမ်းကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်ထားခဲ့ရတာကြောင့် ကွင်းလယ်လူတစ်ဦးကို ပြန်လည်အလိုရှိလို့နေပြီး ဆာအူးကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် ဖာဘင်ဟို သီယာဂိုအယ်ကန်တာရာ ကာတစ်ဂျုံး ကီတာ ချိန်ဘာလိန်နဲ့ ဂျိမ်းစ်မီနာတို့ ရှိနေကြပေမယ့် ကီတာ ချိန်ဘာလိန်တို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေသလို မီနာကလည်း အသက်(၃၅)နှစ်အရွှယ်တောင် ရှိနေပြီဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုကို လုပ်ဆောင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီလို ကွင်းလယ်လူတစ်ယောက် အလိုရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဆာအူးကို ပစ်မှတ်ထားနေရတာဖြစ်ပေမယ့် အသက်လက်တီကိုအသင်းဘက်ကနေ ဆာအူးအတွက် ပြောင်းရွှေ့ကြေးများစွာ သတ်မှတ်ထားမယ်ဆိုရင် လီဗာပူးလ်အတွက် ခက်ခဲသွားနိုင်ပါတယ်။ လက်ရှိမှာတော့ ကွင်းလယ်ကစားသမား ဆာအူးကို လီဗာပူးလ်နဲ့အပြိုင် ယူနိုက်တက်အသင်းကလည်း ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖို့ရှိနေပြီး ဆာအူးကိုလည်း လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။