နွေစျေးကွက်ရဲ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်မှာပဲ လာလီဂါချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား ဆာအူးလ်နီဟက်ဇ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်အဖြစ် စတင်ပါဝင်ခဲ့ရပေမယ့်လည်း ပထမပိုင်းအပြီးမှာပဲ ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ခံရပြီး အသင်းနဲ့ ပွဲဦးထွက်မှာ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား ဆာအူးလ်ဟာ ချယ်လ်ဆီးအသင်းဆီကို ယူရို(၅)သန်း တန်ကြေးရှိတဲ့ တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်သလို ရာသီအကုန်မှာလည်း ယူရိုသန်း(၄၀)နဲ့ပါ အပြီးသတ် ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါသေးတယ်။ ဆာအူးလ်မှာ အသက်လက်တီကိုအသင်းမှာ နောက်ပိုင်းနှစ်တွေအတွင်း ရုန်းကန်ခဲ့ရပေမယ့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လို့ သူ့ကို ချယ်လ်ဆီးက စျေးကွက်မပိတ်ခင်မှာပဲ အငှားနဲ့ ခေါ်ယူခဲ့ပြီး မနေ့ညက ကစားခဲ့ရတဲ့ ဗီလာနဲ့ ပွဲစဉ်မှာပါ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Metro

ဒါပေမယ့် ဆာအူးလ်ရဲ့ ပရီးမီးယားလိဂ်တာထွက်က မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပဲ ကစားပုံ အမှားအယွင်းတွေ ရှိနေခဲ့တဲ့အတွက် ဒုတိယပိုင်း ပြန်လည်စတင်ချိိန်မှာပဲ ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဆာအူးလ်ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က “သူ ရုန်းကန်နေခဲ့ရတယ်လို့ ကျွန်တော်ခံစားမိတယ်။ တကယ့်အမှားကြီးတချို့ လုပ်မိခဲ့တယ်။ ပေးပို့မှုတွေ မှားယွင်းခဲ့တယ်။ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အံ့ဝင်ခွင်ကျ မဖြစ်သေးသလို အသင်းကစားပုံနဲ့လည်း လိုက်ဖက်ညီအောင် မကစားနိုင်သေးတာကိုလည်း သင်တို့ မြင်တွေ့နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မှာပဲ တာဝန်အပြည့်ရှိတာလို့ ပြောချင်ပါတယ်။ ကျွန်တော်က သူအနေနဲ့ အသင်းမှာ အလျင်အမြန်ပဲ အထိုင်ကျနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတာကြောင့် အခုလို အသုံးပြုခဲ့တာ။ နောက်ပိုင်းမှ သူ့ကို လူစားပြန်လဲလိုက်တာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်လာမိတယ်။ ဒါပေမယ့် ဒီလိုလူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး သူ့အပေါ် ကျွန်တော်သဘောကျနေတာတွေက ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲမတိုင်ခင်ကတည်းက သူခြေစွမ်းပြနိုင်မပြနိုင် အရေးမကြီးကြောင်းနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရရင်လည်း ဒါဟာ ကျွန်တော်ရဲ့တာဝန်သာ ဖြစ်ကြောင်းကို ကျွန်တော်ပြောပြထားခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။