ဆော်ဒီ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (PIF) ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်အသင်းကို ဝယ်ယူနိုင်ခဲ့ပြီးနောက် ယခုအခါမှာ အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ထပ်မံ ဝယ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်ကာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကာတာအုပ်စုတွေ ဖြစ်တဲ့ အဘူဒါဘီ အင်အားစုနဲ့ ရှိတ်မန်ဆော်တို့ အုပ်စုတို့ ဘောလုံးလောကမှာ အောင်မြင်မှုတွေ အသီးသီး ရယူနိုင်ခဲ့တာကို အားကျတာကြောင့် ဘောလုံးလောက အတွင်း ဝင်ရောက်ကာ အောင်မြင်မှုတွေ ရယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

Photo Credit: The Sun

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ပေါင် ၃၀၅သန်းနဲ့ ဝယ်ယူခဲ့ပြီး အသင်းကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေကာ ဆယ်စုနှစ် တစု အတွင်း နယူးကာဆယ်အသင်းကို ပီအက်စ်ဂျီ ၊ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လို အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားဖို့ ရည်မှန်းထားကြောင်း နယူးကာဆယ်အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ GIFN သတင်းဌာန ကတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဝယ်ယူပြီးနောက် လက်ရှိ စီးရီးအေ ချန်ပီယံအသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာကြောင်း ယနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

GIFN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ အင်တာမီလန်အသင်းကို ယူရို ၁ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ ပိုင်ရှင် ဖြစ်တဲ့ Suning Company ကတော့ အင်တာမီလန်အသင်းကို ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။