အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန် တိုနေးက သူလက်ရှိကစားနေတဲ့ ဆော်ဒီ ပရိုလိဂ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ တန်းတူဖြစ်ပြီး သူ့ရဲ့ကလပ်အသင်း အယ်လ်အာလီသာ ပရီးမီးယားလိဂ်မှာ ကစားရမယ်ဆိုရင် ထိပ်ဆုံးလေးသင်းနေရာအတွက် စိန်ခေါ်နိုင်လိမ့်မည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ပြောကြားလိုက်ပါတယ်။
တိုနေးဟာ ဘရန့်ဖို့ဒ်အသင်းကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီမှာ ကစားခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ သွင်းဂိုး (၃၀)အထိ ရယူနိုင်ခဲ့ပြီး အသင်းကို အာရှချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ မကြာသေးမီက ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီ ပရိုလိဂ်ဟာ ပြင်သစ် လီဂူး-၁ ထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ရာမှာ တိုနေးက အဲ့ဒီစကားကို ထပ်ဆင့်ထောက်ခံသွားခဲ့တာပါ။
Photo Credit : Goal
“ကျွန်တော့်အတွက်တော့ ဒီလိဂ်က ပရီးမီးယားလိဂ်နဲ့ တန်းတူပါပဲ။ ကျွန်တော်တို့အသင်း (အယ်လ်အလီ) သာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရှိနေရင် ကောင်းကောင်းကစားနိုင်မှာဖြစ်ပြီး ထိပ်ဆုံးလေးသင်းနေရာနဲ့ နီးစပ်ပါလိမ့်မယ်။” လို့ The Guardian သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ဒါက အရည်အသွေးရှိတဲ့ လိဂ်တစ်ခုပါ။ လူတွေ နှာခေါင်းရှုံ့စရာမလိုပါဘူး။ အယ်လ်ဟီလာအသင်း မန်စီးတီးကို ကလပ်ကမ္ဘာ့ဖလားမှာ အနိုင်ကစားသွားတာကို ကျွန်တော်တို့ မြင်ခဲ့ကြပြီးသားပါ။ အဲ့ဒီတုန်းက ကျွန်တော်သာ tweet တင်လိုက်ရင် အိမ်ပြန်ရင် ကျွန်တော့်ကို အသေဝိုင်းသတ်ကြမှာမို့လို့ ပါးစပ်ပိတ်နေလိုက်ရတယ်။ ဒါပေမဲ့ အယ်လ်ဟီလာရဲ့ အရည်အသွေးကို လူတွေ မြင်သွားကြပါတယ်။” လို့ သူက ဆိုပါတယ်။
Photo Credit : The Guardian
ပြီးခဲ့တဲ့ရာသီက တိုနေးဟာ ရော်နယ်ဒိုရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးအဖြစ် ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့ပါတယ်။သူ့ရဲ့ခြေစွမ်းကြောင့် ပြီးခဲ့တဲ့ ဇွန်လက နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် မကြာသေးမီက စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ တိုနေးကတော့ လာမယ့်နှစ် ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နိုင်ဖို့ အကောင်းမြင်နေဆဲပါ။
“ပထမဆုံးရာသီမှာပဲ လိဂ်ရဲ့ ဒုတိယဂိုးသွင်းအများဆုံးဖြစ်ခဲ့တာက အောင်မြင်မှုတစ်ခုပါပဲ။ ဒီရာသီမှာတော့ ပထမနေရာကို ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်အလုပ်က ခြေစွမ်းကောင်းပြဖို့ပဲ။ ခင်ဗျားသာ တကယ်တော်နေရင် ကမ္ဘာ့ဘယ်နေရာမှာ ကစားနေနေ အရေးမကြီးပါဘူး။ မှန်ကန်တဲ့အရာတွေလုပ်ပြီး ဂိုးတွေသွင်းနေသမျှ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပေးပြီးသား ဖြစ်ပါတယ်” လို့ တိုနေးက သူ့ရဲ့နိုင်ငံတကာကစားသမားဘဝ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။