MySport Myanmar

မေဂျာလိဂ် ရာသီအပြီးမှာ မက်ဆီကို အငှားနဲခေါ်ဖို့ ဆော်ဒီ စီစဥ်နေ

ဆော်ဒီ ဘောလုံးအဖွဲ့ချုပ် နဲ့ ဆော်ဒီ အစိုးရတို့ဟာ အမေရိကန် မေဂျာလိဂ် ဘောလုံးရာသီ ပြီးဆုံးသွားမယ့် အချိန်မှာ GOAT ကြီး လီယွန်နယ် မက်ဆီကို မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းကနေ ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဥ်နေကြပါတယ်။

ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကနေ စတင် ကျင်းပခဲ့တဲ့ ၂၀၂၃ မေဂျာလိဂ်ပြိုင်ပွဲဟာ လာမယ့် အောက်တိုဘာလ (၂၁)ရက်နေ့မှာပဲ ပုံမှန်ရာသီ ပြီးဆုံးမှာဖြစ်ပြီး အောက်တိုဘာ (၂၅)ကနေ ဒီဇင်ဘာ (၉)ရက်နေ့အထိကိုတော့ ပလေးအော့ပွဲတွေ ဆက်လက် ယှဥ်ပြိုင်စေမှာ ဖြစ်ပါတယ်။ အဲ့ဒါပြီးတာနဲ့ (၃)လနီးပါးလောက် နားရမှာဖြစ်လို့ အဲ့ဒီကာလအတွင်း ဆော်ဒီလိဂ်က မက်ဆီကို အငှားနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Goal

မက်ဆီ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ မပြောင်းရွှေ့ခင်မှာကတည်းက မက်ဆီကို ဆော်ဒီ ထိပ်သီးကလပ် အယ်လ် ဟီလာအသင်းက ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပါသေးတယ်။ မက်ဆီအတွက် ကမ္ဘာ့စံချိန်တင် လုပ်ခလစာမျိုး မက်မောလောက်စရာ ခံစားခွင့်မျိုးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မက်ဆီကတော့ ဒီကမ်းလှမ်းမှုတွေကို ပယ်ချပြီး အင်တာ မိုင်ယာမီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီတွေဘက်ကတော့ မက်ဆီလို GOAT ကြီး တစ်ဦးကို သူတို့လိဂ်ဆီ ခေါ်ယူနိုင်ဖို့ လုံးဝ လက်မလျော့သေးပဲ ရော်နယ်လ်ဒို နဲ့ မက်ဆီ ဘောလုံးလောကရဲ့ GOAT နှစ်ဦးလုံး ပါဝင်ကစားနေတဲ့ လိဂ်တစ်ခု ဖြစ်လာအောင် ကြိုးပမ်းနေပါတယ်။

Photo Credit : CNBC

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်း​​ဟောင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု နဲ့ ဆော်ဒီလိ​ဂ်ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုတို့ကို လစ်လျူရှုပြီး အင်တာ မိုင်ယာမီအသင်းကိုသာ ရွေးချယ်ခဲ့တဲ့ မက်ဆီဟာ မြောက်အမေရိကမှာတော့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေနဲ့အတူ မိုင်ယာမီအသင်းအတွက် နိုင်ပွဲတွေ ဖော်ဆောင်ပေးနေတဲ့အပြင် လိဂ်ဖလားပါ ရယူပေးထားနီုင်ခဲ့ပါတယ်။

အခုဆိုရင် မိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲ Us Open Cup နဲ့ မေဂျာလိဂ်ပြိုင်ပွဲ အစရှိတဲ့ ပြိုင်ပွဲ (၃)ခုလုံးမှာ (၁၁)ပွဲဆက်တိုက်ထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို အဲ့ဒီ (၁၁)ပွဲမှာလည်း (၁၀)ပွဲအထိ နိုင်ပွဲရထားခဲ့ပါတယ်။ မိုင်ယာမီ အသင်းခေါင်းဆောင် ကစားသမားကြီး မက်ဆီကလည်း သူရဲ့ မိုင်ယာမီ ကစားသမားဘဝ ပွဲပေါင်း(၁၁)ပွဲအတွင်းမှာ (၁၁)ဂိုးထိ သွင်းယူထားပြီး (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version