ဆော်ဒီနိုင်ငံရဲ့ နာမည်ကြီး မီဒီယာ တခု ဖြစ်တဲ့ Saudi Media Group (SMG) ဟာ လတ်တလောမှာ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကို ပေါင် ၂.၇ ဘီလီယံနဲ့ ဝယ်ယူဖို့ အတွက် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဗြိတိန်အစိုးရက ရုရှားရဲ့ ယူကရိန်အပေါ် ကျူးကျော်စစ်ကြောင့် ရုရှား သန်းကြွယ်သူဌေး အေဗရာမိုဗစ်ချ်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာမှာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးရဲ့ ဝင်ငွေ ၊ ထွက်ငွေ အားလုံးလည်း ထိန်းချုပ်ခံခဲ့ရပြီး ချယ်လ်ဆီးဟာ လာမယ့် ဘောလုံးရာသီတွေမှာ အသင်းကို အကောင်းမွန်ဆုံး လည်ပတ်နိုင်ဖို့ အတွက် အသင်းပိုင်ရှင်သစ် တဦးကို ရှာဖွေဖို့ လိုအပ်နေပါတယ်။

Photo Credit: Mirror

ဗြိတိန်အစိုးရကလည်း သူတို့ဟာ အေဘရာမိုဗစ်ချ်ကိုသာ ပိတ်ဆို့မှုတွေ ပြုလုပ်ချင်တာကြောင့် အေဘရာမိုဗစ်ချ် အနေနဲ့ ချယ်လ်ဆီးကို ရောင်းချချရင် ရောင်းချလို့ ရကြောင်း ခွင့်ပြုပေးထားပြီး ချယ်လ်ဆီးကို ရောင်းချလို့ ရလာတဲ့ ငွေတွေကိုတော့ ဗြိတိန်အစိုးရရဲ့ ပရဟိတ ရန်ပုံငွေထဲကို ထည့်သွင်းရမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာ သန်းကြွယ်သူဌေး အများအပြားက ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ် ကတော့ ချယ်လ်ဆီးကို ပေါင် ၃ဘီလီယံ အထိ တန်ကြေး သတ်မှတ်ထားပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရတော့ ဆော်ဒီရဲ့ နာမည်ကြီး ဘီလီယံနာ သူဌေးတဦး ဖြစ်သူ အယ်လ်ခါရာဂျီ ပိုင်ဆိုင်တဲ့ SMG ကုမ္ပဏီဟာ ချယ်လ်ဆီးကို ဝယ်ယူဖို့ ပေါင် ၂.၇ ဘီလီယံတန် ကမ်းလှမ်းမှု တရပ်ကို မကြာသေးမီကမှ ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ကမ်းလှမ်းမှုက အေဘရာမိုဗစ်ချ် သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ အတော်လေးကို နီးကပ်တာကြောင့် SMGဟာ ချယ်လ်ဆီးကို ပိုင်ဆိုင်ဖို့ အလားအလာ ကောင်းနေကြောင်း သိရပါတယ်။

မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အယ်လ်ခါရာဂျီဟာ ချယ်လ်ဆီးရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း သိထားရတာကြောင့် အသင်းကို တကယ်ချစ်တဲ့ အယ်လ်ခါရာဂျီသာ ချယ်လ်ဆီးရဲ့ပိုင်ရှင် ဖြစ်လာခဲ့ရင် ချယ်လ်ဆီးအတွက် ဒါဟာ ဘုရားပေးတဲ့ ဆုလာဘ် တခု ဖြစ်လာနိုင်ကြောင်း တင်ပြရင်း…။