MySport Myanmar

ဇန်နဝါရီဈေးကွက်မှာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ ဆော်ဒီလိဂ်

ဆော်ဒီ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အယ် နက်ဆာ ၊ အယ် အီတီဟတ် ၊ အယ် ဟီလယ် စတဲ့ ထိပ်သီးအသင်းတွေကို ပိုင်ဆိုင်ထားတဲ့ PIF အဖွဲ့အစည်းက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

PIF အဖွဲ့အစည်းက ဆော်ဒီ အားကစားဌာနရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်ပြီး သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘောလုံးလောကမှာ နာမည်ကျော်တဲ့ ကစားသမား အများအပြားကို ဆော်ဒီလိဂ်ဆီ ခေါ်ယူကာ ဆော်ဒီနိုင်ငံနဲ့ ဆော်ဒီ ဘောလုံးလောကတို့ရဲ့ ပုံရိပ်တွေကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

PIF အဖွဲ့အစည်းက ၂၀၂၃ခုနှစ် အတွင်းမှာ ကမ္ဘာ့ပေါ်မှာ ပုံရိပ်အမြင့်ဆုံး ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ နေမာ ၊ ဘန်ဇီမာ ၊ မာနေး ၊ ကန်တီ စတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့သလို မာရက်ဇ် ၊ ဖာမီနို ၊ ဖာဘင်ဟို ၊ ကူလီဘလီ ၊ မန်ဒီ ၊ ဟန်ဒါဆန် စတဲ့ နာမည်ကြီး ကစားသမားတွေကိုလည်း ခေါ်ယူနိုင်ခဲ့ပါသေးတယ်။

PIF အဖွဲ့အစည်းက ပုံရိပ်မြင့် ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ အပြင် သူတို့ရဲ့ လိဂ်မှာ ရေရှည် ကစားပေးနိုင်မယ့် လူငယ်ကြယ်ပွင့်တွေကိုပါ ဖြည်းဖြည်းချင်း ခေါ်ယူနေပြီး လာမယ့် ဆောင်းဈေးကွက်နဲ့ နွေဈေးကွက်တွေမှာ သူတို့ရဲ့ အဓိကပစ်မှတ်က လူငယ်ကြယ်ပွင့်တွေ စုဆောင်းဖို့ပါပဲ။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ PIFအဖွဲ့အစည်းရဲ့ ဆောင်းဈေးကွက် ထိပ်တန်း ပစ်မှတ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချို ဖြစ်ပြီး PIFက ဂျေဒန် ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ လာမယ့် ဆောင်းဈေးကွက်ထဲမှာ ဆန်ချို အပြင် မာရှယ် ၊ ဗာရန်း ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေကိုပါ ဆော်ဒီလိဂ်ဆီ ရောင်းချဖို့ စိတ်ကူးရှိနေပြီး ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။

Exit mobile version