ဆော်ဒီလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အယ် နက်ဆာ ၊ အယ် အတ်တီဟတ် ၊ အယ် အာလီ ၊ အယ် ဟီလယ် စတဲ့ အသင်းတွေကို ပိုင်ဆိုင်တဲ့ PIFအဖွဲ့အစည်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂါလက်တီက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

PIFအဖွဲ့အစည်းက ၂၀၂၃ခုနှစ် အတွင်းမှာ ခရစ္စတီယာနို ရိုနယ်ဒို ၊ နေမာ ၊ ဘန်ဇီမာ ၊ ဖာမီနို ၊ မာရက်ဇ် ၊ ကန်တီ ၊ ကူလီဘလီ စတဲ့ ကြယ်ပွင့် ကစားသမားတွေ အပြင် အခြား နာမည်ကြီး ကစားသမားများစွာကို သူတို့ရဲ့ လက်အောက်ခံ ကလပ်အသင်းတွေဆီ ယူရို ဘီလီယံနဲ့ချီ အကုန်အကျ ခံကာ ခေါ်ယူထားပါတယ်။

Photo Credit: Live Score

PIFက ငွေကြေးများစွာ အကုန်အကျခံကာ ကြယ်ပွင့် ကစားသမားတွေကို ဆော်ဒီလိဂ်ဆီ ခေါ်ယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ လိဂ်အတွက် အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူဖို့ ထပ်မံ ပြင်ဆင်နေပြီး လက်ရှိမှာ မန်ချက်စတာ စီးတီး ကြယ်ပွင့် ကယ်ဗင် ဒီဘရိုင်း ၊ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်တွေ ဖြစ်တဲ့ တိုနီခရူးစ်နဲ့ မိုဒရစ် စတဲ့ ကစားသမားတွေဟာ ​PIFရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂါလက်တီရဲ့ ဖော်ပြချက်အရ PIFရဲ့ တာဝန်ရှိသူတွေက မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးဖို့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။

Photo Credit: Goal

အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်ပြီး သူက ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်တရပ် ရှိနေသလို အသင်းခေါင်းဆောင်ရာထူးကို ရယူထားသူ ဖြစ်ပေမယ့် PIFကသာ မက်လောက်စရာ လုပ်ခလစာ ပမာဏနဲ့ ကမ်းလှမ်းမယ် ဆိုရင် ဘရူနို ဖာနန်ဒက်စ်ဟာ ဆော်ဒီလိဂ်ဆီ ပြောင်းဖို့ စိတ်ဝင်စားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် အတွက် ယူရို ၁၀၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။