ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်း အပါအဝင် ဆော်ဒီလိဂ် ထိပ်သီးကလပ်အသင်း (၃)သင်းက မန်ချက်စတာ စီးတီးအသင်း အသင်းခေါင်းဆောင် ညာနောက်ခံကစားသမား ကိုင်း ဝေါ်ကာကို ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် ဝါရင့် နောက်ခံအစွန်လူ ကစားသမားကြီး ဝေါ်ကာဟာ မန်စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်ပေမယ့် ဒီရာသီထဲမှာတော့ ဝေါ်ကာရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းလို့နေတာကြောင့် အနာဂတ် အခြေအနေတွေပါ လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Yardbarker

၂၀၁၇ကတည်းက စပါးကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေတဲ့ ဝေါ်ကာဟာ အခုဆိုရင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၁၈)ပွဲအထိ ကစားထားပြီး ဖြစ်သလို သူရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၆ ဇွန်လအထိသာ သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို့ လာမယ့်နွေမှာပဲ cut-price တန်ကြေးနဲ့ ရောင်းထုတ်သွားဖို့ပါ ရှိနေပါတယ်။

လာမယ့် မေလထဲမှာ (၃၅)နှစ်ပြည့်တော့မယ့် ဝေါ်ကာဟာ ဘောလုံးအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဥရောပ ကလပ်အသင်းတွေက ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဥရောပက နာမည်ကြီး ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ ဆော်ဒီလိဂ်က အသင်းတွေကပါ ဝေါ်ကာကို ခေါ်ယူချင်နေပါတယ်။

Photo Credit : The Sun

လက်ရှိ ဆော်ဒီလိဂ်ရဲ့ ချန်ပီယံ အယ်လ်ဟီလာနဲ့ အယ်လ်နာဆာ အယ်လ်အစ်တီဟတ်အသင်းတွေက ပရီးမီးယားလိဂ် ဝါရင့် နောက်ခံလူကြီး ဝေါ်ကာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး မန်စီးတီးဘက်ကလည်း သူတို့ကစားသမားအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုး ရမယ်ဆိုရင် ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။

ဝေါ်ကာအနေနဲ့ကလည်း လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ဆော်ဒီကလပ်အသင်းတွေရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေအပေါ် ငြင်းဆန်ပယ်ချဖို့က ခက်ခဲကြောင်း ဝန်ခံထားခဲ့တာကြောင့် ဝေါ်ကာအနေနဲ့ လာမယ့်နွေမှာ ဥရောပက အသင်းတစ်သင်းသင်းမှာပဲ ဆက်လက် ရှိနေမလား ဒါမှမဟုတ် ဆော်ဒီလိဂ်ဆီ ပြောင်းသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။