MySport Myanmar

အသင်းလက်မဲ့ ဖြစ်သွားတဲ့ မော်ရင်ဟိုကို ဆော်ဒီ ကလပ်အသင်းများက မျက်စိကျနေ

ဒီကနေ့မှာပဲ ရိုးမားအသင်းနဲ့ ချက်ချင်းကြီး လက်တွဲဖြုတ်လိုက်ရတဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုလို စပယ်ရှယ်ဝမ်း နည်းပြတစ်ဦးကို ကလပ်အသင်း များစွာက အလိုရှိနေပြီး ဆော်ဒီပရိုလိဂ်က ကလပ်အသင်းတွေလည်း မော်ရင်ဟိုကို ခေါ်ယူချင်နေကြပါတယ်။

အယ်လ်နာဆာ နဲ့ အယ်လ်အာလီတို့လို ဆော်ဒီလိဂ်ရဲ့ အထင်ကရ ကလပ်အသင်းတွေက ယခင်ကတည်းက မော်ရင်ဟိုကို သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့သလို မော်ရင်ဟိုကတော့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit : Sky News

မော်ရင်ဟိုကတော့ နည်းပြဘဝမှာ ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါး နဲ့ ရိုးမားတို့ကို ကိုင်တွယ်ခဲ့ရာ စပါးတစ်သင်းနဲ့သာ ဆုဖလား မရယူနိုင်ခဲ့ပဲ ကျန်တဲ့ အသင်းတွေအတွက်တော့ ဆုဖလားတွေ အမြောက်အများ ရယူပေးနိုင်ခဲ့သလို သူနောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ရိုးမားအတွက်လည်း ပထမဆုံး ဥရောပ ဆုဖခလားကို အရ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မော်ရင်ဟိုဟာ သူရဲ့ နည်းပြဘဝအတွင်းမှာ ကြုံတွေ့နေရတဲ့ တတိယမြောက် ဘောလုံးရာသီ ကျိန်စာဆိုးကြောင့်ပဲ မော်ရင်ဟိုက ရိုးမား နည်းပြရာထူးကနေ အခုလို ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုလို ကမ္ဘာ့ထိပ်တန်း နည်းပြတစ်ဦးကို ဘယ်အသင်းမဆို အလိုရှိချင်နေကြမှာ အသေအချာပါပဲ။

Photo Credit : Clutch Points

လက်ရှိမှာတော့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ နယူးကာဆယ်အပြင် နည်းပြတွေရဲ့ စွမ်းဆောင်မှုတွေကို စိတ်တိုင်းမကျ ဖြစ်နေတဲ့ အသင်းဟောင်း ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့ပါ မော်ရင်ဟိုကို သူတို့အသင်းတွေဆီ ရောက်လာစေချင်နေပြီး ဆော်ဒီ ကလပ်အသင်းတွေကလည်း မော်ရင်ဟိုကို အလိုရှိနေပါတယ်။

မော်ရင်ဟို ကိုယ်တိုင်ကလည်း သူ့အနေနဲ့ တစ်နေ့နေ့မှာ ဆော်ဒီကို သွားပြီး ဆော်ဒီကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားမယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။ လက်ရှိ အနေအထားအရတော့ ဆော်ဒီ ထိပ်သီးကလပ်တွေက နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ မရှိသေးပဲ အယ်လ်အစ်တီဖာ တစ်သင်းတည်းသာ စတီဗင် ဂျရတ်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။

Exit mobile version