MySport Myanmar

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့် ရရှိဖို့ နီးစပ်နေတဲ့ ဆော်ဒီ အာရေဗျ

မကြာသေးမီကမှ ဘောလုံးဇာတ်ခုံပေါ်မှာ ထင်ပေါ်လာခဲ့တဲ့ ဆော်ဒီ အာရေဗျနိုင်ငံက လာမယ့် ၂၀၃၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့် ရဖို့ အတွက် အတော်လေး နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဆော်ဒီနိုင်ငံက သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် သူတို့ကပါ ကမ္ဘာ့ဖလားပြိုင်ပွဲ တခုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဆော်ဒီနိုင်ငံက ယခုနှစ် အတွင်းမှာ ခရစ္စတီယာနို ရိုနယ်ဒို ၊ နေမာ ၊ ကန်တီ ၊ မာနေး ၊ ဖာမီနို ၊ ဘန်ဇီမာ စတဲ့ ကြယ်ပွင့် ကစားသမားတွေ အပါအဝင် နာမည်ကျော် ကစားသမားတွေကို သူတို့နိုင်ငံမှာ လာရောက် ကစားအောင် စည်းရုံးထားနိုင်သလို သူတို့ရဲ့ ဆော်ဒီလိဂ်ကလည်း အာရှတိုက်မှာ သာမက ကမ္ဘာတလွှားမှာပါ နာမည်ကြီးလာပါတယ်။

ဒါ့အပြင် ဆော်ဒီတော်ဝင်မိသားစုကလည်း ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ကို ပိုင်ဆိုင်ထားပြီး ဆော်ဒီအားကစားဝန်ကြီးဌာနက သူတို့နိုင်ငံရဲ့ နာမည်ကျော်လာမှုကို အခွင့်ကောင်း ယူကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့် ရဖို့ ဖီဖာဆီ လျှောက်လွှာ တင်ထားပါတယ်။

Photo Credit: Arab News

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပချင်တဲ့ နိုင်ငံတွေရဲ့ လျှောက်လွှာတွေကို စတင် လက်ခံနေပြီး ဆော်ဒီ အာရေဗျနိုင်ငံနဲ့ ဩစတေးလျနိုင်ငံတို့က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် ကျင်းပချင်ကြောင်းကို လျှောက်လွှာတွေ အသီးသီး တင်ခဲ့ကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဩစတေးလျနိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရဖို့ အပြိုင်အဆိုင် လျှောက်လွှာတွေ တင်ခဲ့ကြပေမယ့် ယမန်နေ့မှာပဲ ဩစတေးလျနိုင်ငံက သူတို့ရဲ့ လျှောက်လွှာကို ပြန်လည် ရုတ်သိမ်းသွားခဲ့တာကြောင့် ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရဖို့ အတော်လေး နီးစပ်သွားကြောင်း သိရပါတယ်။

Exit mobile version