အာဆင်နယ်အသင်းဘက်ကနေ အလိုမရှိတော့တဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ကွင်းလယ်ဖန်တီးရှင် မက်ဇက်အိုဇေးကို ဆော်ဒီအာရေဗျထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်နာဆာကနေ ပြောင်းရွှေ့ကြေး ပေါင်(၅)သန်းအပါအဝင် မက်လောက်စရာ တစ်နှစ်လုပ်ခလစာတွေနဲ့ ကမ်းလှမ်းလာခဲ့တဲ့အပေါ် အာဆင်နယ်ဘက်ကနေ လက်ခံသွားခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းလိုခြင်းမရှိပဲ အာဆင်နယ်မှာပဲ ဆက်လက်ရှိနေဖို့ကိုသာ ဆုံးဖြတ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ် ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား အိုဇေးဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအမြင့်ဆုံးရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအသင်းနည်းပြ အာတီတာလက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ လုံးဝကို ပျောက်ဆုံးလို့နေပြီး အသင်းရဲ့ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ မတ်လ(၇)ရက်နေ့ကနေစတင်ပြီး အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားခွင့်မရတော့တဲ့ အိုဇေးကို တူရကီကလပ်တွေကနေ ခေါ်ယူချင်ပေမယ့်လည်း အိုဇေးရဲ့လစာက မြင့်မားလွန်းနေတာကြောင့် နောက်ဆုံးမှာတော့ ခေါ်ယူဖို့ကို လက်လျှော့ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် TyC သတင်းမီဒီယာရဲ့ဖော်ပြချက်အရ အိုဇေးကို ဆော်ဒီကလပ် အယ်နာဆာကနေ (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာခဲ့တဲ့အပေါ် အာဆင်နယ်ဘက်ကနေ လက်ခံသွားခဲ့ပေမယ့် အိုဇေးကတော့ အယ်နာဆာကို ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ထားခဲ့ပြီး အသင်းမှာပဲ ဆက်လက်ရှိနေဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ အိုဇေးက လက်ရှိမှာ အသင်းအတွက် ကစားခွင့်မရခဲ့ပေမယ့်လည်း အပြင်းအထန် ကြိုးစားအားထုတ်ပြီး နေရာပြန်လည်ရအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၂.၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုဇေးဟာ ၂၀၁၄ခုနှစ်ကနေ ၂၀၁ရခုနှစ်အထိ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် တည်ရှိခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်ကနေ နည်းပြအပြောင်းအလဲတွေ ပြုလုပ်ခဲ့ရင်း နည်းပြတွေနဲ့ အဆင်မပြေဖြစ်လာရာကနေ လူစာရင်းတွေကနေ ချန်လှပ်ခံလာရတာဖြစ်ပါတယ်။ အထူးသဖြင့် အိုဇေးဟာ အူနိုင်းအမ်မရီနဲ့ အာတီတာတို့လက်ထက် အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့တာဖြစ်ကာ အပြောင်းအရွှေ့ကောလဟာလသတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် အိုဇေးရော သူရဲ့အေးဂျင့်ကပါ စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ အာဆင်နယ်အသင်းမှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ အသိပေးထားခဲ့ပါတယ်။ အိုဇေးဟာ အာဆင်နယ်အသင်းနဲ့ လာမယ့် ၂၀၂၁ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာပဲဖြစ်ပါတယ်။