ကြားရက်မှာ ဥရောပပြိုင်ပွဲကြီးတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေကို အားပေးကြည့်ရှုထားရတဲ့ ဘောလုံးပရိသတ်တွေကတော့ သောကြာနေ့တစ်ရက်ကို အနားယူပြီးတာနဲ့(ဒါတောင် ညက ဗီလာနဲ့လိဒ်စ်ပွဲ ကြည့်ထားရင် ဆက်တိုက်ကြည့်ရသလို ဖြစ်နေမှာ) ဒီတစ်ပတ် Weekend မှာ တကယ့်ကို အမိုက်စားအလန်းစားပွဲကောင်းတွေနဲ့ ဆက်လက်ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီပွဲတွေကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ဂလက်စီကိုဒါဘီ ဒေါ့မွန်နဲ့ ရှော်ကေးတို့ရဲ့ Revierderby တို့ပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီး (ည၁၁နာရီ)

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲပါ။ လက်ရှိမှာ ယူနိုက်တက်က ပုံစံကောင်းတွေ ပြန်လည်ပြသထားပြီး ပီအက်စ်ဂျီကိုလည်း ချန်ပီယံလိဂ်မှာ အနိုင်ရထားပါတယ်။ ချယ်လ်ဆီးကတော့ နောက်ဆုံး(၂)ပွဲမှာ သရေကျထားပေမယ့် အသင်းမှာက ကစားသမားအစုံ ပြန်လည်ပါဝင်ကစားနေကြပြီဖြစ်လို့ လမ်းပတ်အနေနဲ့ လူမှန်နေရာမှန်သာ သုံးစွဲလာဖို့ လိုပါတယ်။ ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ရဲ့တွေ့ဆုံမှုမှာတော့ ဆိုးလ်ရှားက အပြတ်အသတ် အသာရထားပြီး ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ အိမ်ကွင်း(၃)ပွဲဆက်တော့ အရေးမနိမ့်လောက်ဘူး ထင်ပါတယ်။ အရမ်းကို အကြိတ်အနယ် ရှိကြမှာပါ။

ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် (ည၈နာရီခွဲ)

ဘောလုံးလောကရဲ့ တအားကို စိတ်ဝင်စားစရာကောင်းတဲ့ ဒါဘီပြိုင်ပွဲကြီးတစ်ခုကို ဒီနေ့ညမှာ ကြည့်ရှုမှာပါ။ လတ်တလောမှာ ဒီအသင်းကြီးနှစ်သင်းက ရလဒ်တွေ သိပ်အားရစရာမရှိလှဘူးဆိုပေမယ့် ဂန္တဝင်ဒါဘီအရသာကိုတော့ သက်ဝင်ခံစားရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဘာစီလိုနာက လက်ရှိမှာ ကစားသမားတွေ ဒဏ်ရာရနေကြတာ သိပ်မရှိပေမယ့် အသင်းအတွင်းမှာတော့ လစာကိစ္စနဲ့ပတ်သက်ပြီး ပြသာနာလေးတွေ အနည်းငယ်ရှိနေကြပါတယ်။ ရီးရဲလ်ကတော့ ဒဏ်ရာပြသာနာတွေ ကစားသမားသစ် မခေါ်ယူထားမှုတွေ ရှိနေပေမယ့် အသင်းခေါင်းဆောင်ရာမို့စ်က လူစာရင်းမှာ ပြန်လည်ပါဝင်လာတာ အသင်းအတွက်တော့ သတင်းကောင်းပါပဲ။ အသင်းရဲ့ ဂန္တဝင်တွေဖြစ်ခဲ့ဖူးတဲ့ ရော်နယ်ကိုးမန်းနဲ့ ဇီဒန်းတို့ရဲ့တွေ့ဆုံမှုမှာ ဘယ်သူအသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒေါ့မွန် နဲ့ ရှော်ကေး (ည၁၁နာရီ)

ဒီနှစ်သင်းရဲ့ Revierderby ပွဲက ဒီနောက်ပိုင်းမှာ သိပ်စိတ်ဝင်စားဖို့မကောင်းတော့ပဲ ဒါဘီပွဲတစ်ပွဲဖြစ်နေတာမို့ စိတ်လှုပ်ရှားစရာ ဖြစ်နေဦးမှာတော့ အမှန်ပါပဲ။ လတ်တလောခြေစွမ်းတွေ ရလဒ်ပိုင်းတွေမှာတော့ အိမ်ရှင်အသင်းက ရှော်ကေးထက် ပိုအားသာနေတယ်ဆိုပေမယ့် ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားရဦးမယ့် ဒေါ့မွန်ကို ရှော်ကေးက ဘယ်အတိုင်းအတာအထိ အနှောင့်အယှက်ပေးသွားနိုင်မလဲဆိုတာကလည်း စောင့်ကြည့်သွားချင်စရာပါ။