အီတလီ စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုရဲ့ နည်းပြချုပ် ဖြစ်သူ ဆာရီက သူ့ရဲ့အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ ပို့ဆောင်ပေးပြီးနောက် သူဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ တွေ့ဆုံချင်တယ်လို့ ထုတ်ပြောလာပါတယ်။

ဆာရီရဲ့ လာဇီယိုက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အက်သလက်တီကို ၊ ဆဲလ်တစ် ၊ ဖီယင်နု စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုပွဲ ၆ပွဲ အပြီးမှာ ၃ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့တာကြောင့် ရမှတ် ၁၀မှတ်နဲ့ အုပ်စုဒုတိယနေရာကို ရခဲ့ပါတယ်။

Photo Credit: Goal

လာဇီယိုက အုပ်စု ဒုတိယနေရာသာ ရခဲ့တာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ အာဆင်နယ် ၊ ရီးရဲလ်မက်ဒရစ် ၊ ဆိုစီဒက် ၊ ဒေါ့မွန် ၊ မန်ချက်စတာ စီးတီး ၊ ဘာစီလိုနာ စတဲ့ အုပ်စု ပထမ ရခဲ့တဲ့ အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

အုပ်စု ပထမ ရခဲ့တဲ့ အသင်းတွေအနက် လာဇီယို အတွက် အလွယ်ကူဆုံး ပြိုင်ဘက်တွေက ဆိုစီဒက်နဲ့ ဒေါ့မွန် ဖြစ်ပြီး အခက်ခဲဆုံး ပြိုင်ဘက်တွေကတော့ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး ၊ ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Football Italia

လာဇီယိုကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ ပို့ဆောင်ပေးပြီးနောက် ဆာရီက သူဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘာစီလိုနာနဲ့ ထိပ်တိုက် တွေ့ဆုံချင်ကြောင်းနဲ့ သူ့ရဲ့ နည်းပြဘဝမှာ ဘာစီလိုနာနဲ့ တခါမှ မရင်ဆိုင်ဖူးတာကြောင့် အခုလိုမျိုး တွေ့ဆုံချင်တာပါလို့ ဖွင့်ဟ ပြောဆိုလာပါတယ်။

ဆာရီက – “ကျွန်တော်ကတော့ ၁၆သင်း ရှုံထွက်အဆင့်မှာ ဘာစီလိုနာနဲ့ တွေ့ချင်ပါတယ်။ ဒါက အရိုးသားဆုံး ပြောတာပါ။ တကယ်လို့ ကျွန်တော်သာ ရွေးရမယ် ဆိုရင် ဘာစီလိုနာနဲ့ ရင်ဆိုင်ရဖို့ကိုပဲ ရွေးပါမယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ တခါမှ ဘာစီလိုနာနဲ့ မရင်ဆိုင်ရသေးပါဘူး။ ဒါကြောင့် ဘာစီလိုနာနဲ့ တွေ့ဆုံရမယ် ဆိုရင် ဒါက ကျွန်တော့်အတွက် အတွေ့အကြုံသစ် တခု ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။