ယနေ့မနက် အစောပိုင်းမှာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဖီယင်နု ၁-၀ လာဇီယို ပွဲစဉ်မှာ ဖီယင်နုရဲ့ ပရိသတ်တွေက လာဇီယိုနည်းပြကြီး ဆာရီ အပါအဝင် နည်းပြအဖွဲ့ဝင်တွေ ရှိနေတဲ့ နေရာကို သေးထုပ်တွေနဲ့ ပေါက်ခဲ့ကြကြောင်း သိရပါတယ်။

ဖီယင်နုနဲ့ လာဇီယိုတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အုပ်စုနောက်ဆုံးပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်ပြီး အဆိုပါပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးက ရေကုန်ရေခမ်း ကြိုးစားခဲ့ကြသလို ပွဲကလည်း အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Football Italia

ဒါပေမယ့် အိမ်ရှင် ဖီယင်နုကတော့ ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ အားပေးမှုတွေကြောင့် ကစားအား ပိုမို ကောင်းမွန်ခဲ့ပြီး ပွဲချိန် ၆၃မိနစ်မှာတော့ လူစားဝင် တိုက်စစ်မှူး ဂျီမီနက်ဇ်က ဖီယင်နု အတွက် တလုံးထဲသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ လာဇီယိုကို အနိုင်ရခဲ့တာကြောင့်ပဲ ဖီယင်နုက အုပ်စုပွဲတွေ အားလုံး ပြီးဆုံးသွားချိန်မှာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ရှုံးပွဲနဲ့ ကြုံခဲ့ရတဲ့ လာဇီယိုကတော့ အုပ်စုတတိယနေရာဆီ ရောက်သွားတာကြောင့် ယူရိုပါ ကွန်းဖရန့်လိဂ်ဆီ ဆင်းကစားခဲ့ရပါတယ်။

Photo Credit: Football Italia

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ လာဇီယိုနည်းပြ ဆာရီက ရှုံးပွဲကြောင့် စိတ်ညစ်ရသလို ဖီယင်နုပရိသတ်တွေရဲ့ သူတို့အသင်းအပေါ် မလေးစားတဲ့ အပြုအမူတွေ ၊ နည်းပြခုံတန်းဆီ သေးထုပ်တွေနဲ့ ပေါက်ခဲ့မှုတွေကြောင့် စိတ်တို ဒေါသထွက်ခဲ့ရကြောင်း ဆိုပါတယ်။

ဆာရီက – “ဖီယင်နု ပရိသတ်တွေက ကျွန်တော်တို့ နည်းပြခုံတန်းဆီ သေးထုပ်တွေနဲ့ ပေါက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်နဲ့ စတုတ္ထဒိုင်တို့က ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နည်းနည်းလေးတောင် သတိပေးမှုတွေ မလုပ်ခဲ့ကြပါဘူး။ ဒီကိစ္စကြောင့် ကျွန်တော်က ဒေါသထွက်ခဲ့ရပါတယ်” လို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။