ဂျုဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းကမှ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေက ဆာရီရဲ့နည်းစနစ်တွေအပေါ် ဆာရီကိုယ်တိုင်ကလည်း ကစားသမားတွေပေါ်မှာ ပြစ်တင်ဝေဖန်သွားခဲ့ပြီး ကစားသမားတွေနဲ့ ဆာရီရဲ့ကြားမှာလည်း အချိတ်အဆက်ပိုင်း လိုအပ်ချက်တွေရှိနေသလို အသင်းအနေနဲ့ အင်တာမီလန်နဲ့ စီးရီးအေပွဲမှာ ထပ်ပြီးအရေးနိမ့်မယ်ဆိုရင် ဂျုဗင်တပ်စ်က ဆာရီကို လက်တွဲဖြုတ်ဖွယ်ရှိနေပါတယ်။

ဆာရီဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းလောက်ကမှ ဂျုဗင်တပ်စ်အသင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး အသင်းကို ဒီလစ် ရမ်ဆေး ရာဘီအော့ ဒီမီရယ်တို့လို ကစားသမားကောင်းတွေများစွာ ခေါ်ယူခဲ့ပေမယ့်လည်း နည်းပြဟောင်းအယ်လီဂရီ ကိုင်တွယ်တုန်းကလောက် ခြေစွမ်းပိုင်းမာကြောမှုမရှိတော့ပဲ စီးရီးအေမှာလည်း အင်တာမီလန်နဲ့ လာဇီယိုအသင်းတွေထက်ကို ရှံးပွဲက ပိုများလို့နေပါတယ်။ ဂျုဗင်တပ်စ်အသင်းက အခုတစ်ပတ်မှာ စီးရီးအေပွဲကျပ်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲကိုပါ ထပ်ပြီးခြေချော်ဦးမယ်ဆိုရင်တော့ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဆာရီနဲ့ လက်တွဲဖြုတ်ဖွယ်ပါ ရှိနေပါတယ်။

နာပိုလီ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်းဆာရီရဲ့နည်းစနစ်တွေအောက်မှာ ဂျုဗင်တပ်စ်ကစားသမားတွေက ကောင်းကောင်းလိုက်လံကစားနိုင်ခြင်းမရှိပဲ ရုန်းကန်နေရတာကြောင့် ဒီအခြေအနေတွေပေါ်မှာ အသင်းတာဝန်ရှိသူ အကြီးအကဲတွေကလည်း စိတ်ပျက်လျက်ရှိနေပြီး အခြေအနေတွေအားလုံးကို လေ့လာဆန်းစစ်လျက်ရှိနေကာ အခြေအနေမကောင်းရင် နည်းပြဟောင်းအယ်လီဂရီကိုပါ ပြန်လည်ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆာရီဟာ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို ပေါ်လိုဒီဘားလားတို့နဲ့လည်း ဆက်ဆံရေးပိုင်း ကတောက်ကဆတွေ မကြာခဏ ဖြစ်ခဲ့ဖူးပြီး အသင်းရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် နီးစပ်အောင်မဖော်ပြနိုင်ဘူးဆိုရင်တော့ အသင်းနဲ့ စာချုပ်မပြည့်ခင်မှာပဲ စောစောစီးစီး လမ်းခွဲရနိုင်ပါတယ်။