ဂျုဗင်တပ် နည်းပြ ဆာရီကတော့ ကြာသပတေးနေ့ညက အူဒီးနီစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂျုဗင်တပ်အသင်းအနေနဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းရော ပွဲပန်းနေကြပြီ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ် အကြောင်းကို မတွေးသေးပါဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အူဒီးနီစ်အသင်းကို (၂-၁) ရလဒ်နဲ့ မရှုှုံးနိမ့်ခဲ့ဘဲ အနိုင် ရရှိခဲ့မယ် ဆိုရင် စီးရီးအေ ဆုဖလားကို (၉) ကြိမ်မြောက် ရရှိသွားမှာ ဖြစ်ပေမယ့်လည်း ရှုံးနိမ့်သွားခဲ့တာကြောင့် စီးရီးအေ ပြိုင်ပွဲမှာ ရမှတ် နဲ့ နိုင်ပွဲအတွက် ဆက်လက် တိုက်ပွဲဆင်နွဲသွားရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဉ် ကစားခဲ့စဉ်က လိုင်ယွန်အသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့ ကစားမယ့် သြဂုတ်လ (၈) ရက်နေ့မှာ မဖြစ်မနေ နိုင်ပွဲ ဖော်ဆောင်နိုင်ဖို့ အရေးကြီးနေပါတယ်။ ဂျုဗင်တပ်အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာတော့ (၆) မှတ်ဖြတ် ဦးဆောင်နေတာ ဖြစ်ပြီး အသင်းရဲ့နည်းပြ ဆာရီကတော့ အူဒီးနီစ်အသင်းကို အရေးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းမှာ ကစားသမားတွေ ပွဲပန်းနေကြတာ ဖြစ်ပါတယ်လို့ သတင်းထောက်တွေကို ဖြေရှင်းချက် ပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

အူဒီးနီစ်အသင်းကို ရှုံးခဲ့ပြီးနောက် ဂျုဗင်တပ် နည်းပြ ဆာရီက “ကျွန်တော်တို့ ဒီရက်ပိုင်းတွေမှာ စိတ်ပိုင်းရော ရုပ်ပိုင်းရော ပွဲပန်းနေကြပါပြီ။ နောက်ပြီး ဒါက အားလုံးရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုက ပိုပြီး ပင်းပန်စေတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် အခု အရေးကြီးဆုံးက ပုံမှန် ပြန်ဖြစ်ဖို့ပါပဲ။ ဘာလို့လဲဆိုရင် ပွဲစဉ်ကို အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။ ပွဲစဉ်တိုင်းမှာ အရှိန်ဆက်ထိန်းဖို့က ခက်ခဲပါတယ်။ ဒီနေ့လို ပွဲစဉ်မှာ ဆိုရင် ကျွန်တော်တို့ ရှုံးနိမ့်သွားပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော် ချန်ပီယံလိဂ် အကြောင်းကို တွေးဖို့ မရှိပါဘူး။ ကျွန်တော့်ရဲ့ စိတ်မှာ ဆမ်ဒိုရီးယား ပွဲစဉ် နဲ့ တနင်္ဂနွေနေ့ ပွဲစဉ် အကြောင်းပဲ ရှိပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။