လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဝက်ဖို့ဒ်အသင်းက ချိုးဖျက်ခဲ့တဲ့ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဆားလ်က သူဟာ ဝက်ဖို့ဒ်အသင်းဆီကို မရောက်ခင်မှာ ဘာစီလိုနာအသင်းထံ ပြောင်းဖို့ အခွင့်အရေး ရခဲ့သေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆားလ်ဟာ ဝက်ဖို့ဒ်အသင်းထံကို မပြောင်းရွှေ့မီမှာ ပြင်သစ် လီဂူးဝမ်းကလပ် ရန်းနက်စ် အသင်းမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

အသက် ၂၂နှစ်အရွယ် ဆားလ်ဟာ ပင်ကိုယ် အရည်အသွေးကောင်းမွန်သူဖြစ်ပြီး တောင်ပံတွေကနေ မွှေနှောက်ကစားနိုင်စွမ်းရှိသလို ဂိုးဧရိယာထဲကို ဝင်ရောက်ပြီးလည်း ဂိုးသွင်းနိုင်စွမ်း ရှိသူတစ်ဦးပါ။ ဆာလ်းက ဝက်ဖို့ဒ် ၊ ရန်းနက်စ် တို့ဆီ မရောက်ခင်မှာ ပြင်သစ်ကလပ် မက်စ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး အဆိုပါအသင်းမှာ ကစားစဉ်က ဘာစီလိုနာအသင်းဟာ သူ့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့တယ်လို့ ဆားလ်က ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။ အဆိုပါအချိန် မှာ ဆားလ်ရဲ့အသက်ဟာ ၁၉နှစ်အရွယ်သာရှိပြီး ဘာစီလိုနာအသင်းဘက်က သူ့ကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့တာပါ။

 

Photo Credit: Marca.com

ဒါပေမယ့် ဆားလ်ကတော့ သူ့ရဲ့ကစားသမားဘဝ အနာဂတ်အတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ရန်းနက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပုံနဲ့ ပတ်သတ်ပြီး ဆားလ်က ” ကျွန်တော်က ဘာစီလိုနာအသင်းကို ကျော်ပြီး ရန်းနက်စ်ကို ရွေးချယ်ခဲ့သူပါ။ ကျွန်တော်က အရန်ခုံမှာ ထိုင် ၊ Bအဆင့်ပွဲတွေကို ကစားပြီး အချိန်ကုန်မခံနိုင်ပါဘူး။ ဒါ့ကြောင့် ဘာစီလိုနာကို ပယ်ချခဲ့တာပါ ” လို့ ရှင်းပြသွားခဲ့ပါတယ်။ ဆားလ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ၁၈ပွဲကစားထားပြီး ၅ဂိုး သွင်းယူကာ ၃ဂိုးဖန်တီးပေးထားနိုင်သူပါ။