ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဆန်းတို့စ်ကတော့ လတ်တလောမှာ ပေးဂိုးတွေ များနေတဲ့ အသင်းရဲ့ ခံစစ်ကြောင်း အတွက် အနည်းငယ် စိုးရိမ်ပူပန်မိကြောင်း ကာတာအသင်းကို ခြေစမ်းပွဲမှာ အနိုင်ရပြီးနောက် ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲဆက်တိုက် ပေးဂိုးတွေ ခွင့်ပြုပေးထားရပြီး အဆိုပါ ၅ပွဲမှာ သွင်းဂိုး ၉ဂိုး အထိ ရရှိခဲ့ပေမယ့် ပေးဂိုးကလည်း ၉ဂိုး အထိ ရှိနေခဲ့ပါတယ်။

Photo Credit: Marca

၅ပွဲမှာ ပေးဂိုး ၉ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာကြောင့် တပွဲပျမ်းမျှ ပေးဂိုး ၂ဂိုးနှုန်း နီးပါး ရှိနေပြီး အဆိုပါ ခံစစ်စွမ်းဆောင်ရည်ဟာ ဥရောပ ထိပ်သီးအသင်း တသင်း အတွက် လက်မခံချင်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကာတာအသင်းကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဆန်းတို့စ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်းဟာ ပေးဂိုးတွေ များနေတဲ့ အပေါ် စိုးရိမ်ပူပန်မိကြောင်းနဲ့ ပြစ်ဒဏ်ဘောတွေ ကနေ တဆင့် ပေးဂိုးတွေ ခွင့်ပြုပေးနေရတဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Marca

အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ဆန်းတို့စ်က – “၅ပွဲမှာ ပေးဂိုး ၉ဂိုး အထိ ရှိနေတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်က အတော်လေးကို စိုးရိမ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့တွေ ခံစစ်ကြောင်းမှာ အမြဲတမ်း အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ အရာတွေထဲက တခုဟာ ပြစ်ဒဏ်ဘောတွေကို ကာကွယ်တာပါပဲ။ ကျွန်တော်တို့ အတွက် ပြစ်ဒဏ်ဘော ကနေ ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာက အတော်လေးကို ရှားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ပြစ်ဒဏ်ဘော ကနေ ပေးဂိုးတွေ ခွင့်ပြုနေရပါတယ်။ ကျွန်တော်က ကစားသမားတွေကို ပြစ်ဒဏ်ဘောနဲ့ ပတ်သတ်ပြီး သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ပြီးတော့ ဒီမနက်တင် ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေ အတွက် အချိန်ယူ လေ့ကျင့်ခဲ့ပါသေးတယ်။ ဒါကြောင့် ပေးဂိုးတွေ ခွင့်ပြုပေးနေရတဲ့ အပေါ် လက်မခံနိုင်ပါဘူး” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။