ဘရာဇီးလ် နာမည်ကြီးကလပ် ဆန်းတို့စ်က ယမန်နေ့မှာပဲ ကွယ်လွန်သွားခဲ့တဲ့ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ပီလီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို အနားပေးဖို့ စီစဉ်နေကြောင်း ဆန်းတို့စ်ရဲ့ ဥက္ကဌ ဖြစ်သူ အန်ဒရေစ် ရူဒါက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၈၂နှစ် အရွယ် ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ပီလီက ယမန်နေ့ မနက် အစောပိုင်းမှာပဲ ကင်ဆာရောဂါနဲ့ လူကြီးရောဂါတို့ကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူဟာ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ ကွယ်လွန်သွားမှု အပေါ် ဘောလုံးလောက တခုလုံးက ကြေကွဲ ဝမ်းနည်းနေကြပါတယ်။

Photo Credit: Marca

ပီလီက ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလား ၃လုံး အထိ ရယူပေးနိုင်ခဲ့သလို သူ့ရဲ့ ကစားသမား ဘဝ တခုလုံးနီးပါးကို ဆန်းတို့စ်မှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး သူဟာ ဆန်းတို့စ်နဲ့အတူ ဘရာဇီးလ် လိဂ်ချန်ပီယံဆု ၈ကြိမ် ၊ ကိုပါ လိုင်ဘာတာဒေါဖလား ၂ကြိမ် (တောင်အမေရိက ချန်ပီယံလိဂ်) ၊ အင်တာကွန်တီနန်တယ်ဖလား ၂ကြိမ်တို့ကို (ယခု ကမ္ဘာ့ကလပ်ဖလား) ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပီလီဟာ ဆန်းတို့စ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပြီး ဆန်းတို့စ်ရဲ့ ဥက္ကဌ ဖြစ်သူ ရူဒါကတော့ သူတို့အသင်းဟာ ကွယ်လွန်သွားတဲ့ ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပါတ် ၁၀ကို အနားပေးဖို့ ဆုံးဖြတ်ထားသလို သက်ဆိုင်ရာ ကောင်စီရဲ့ အတည်ပြုချက် ရတာနဲ့ ကျောနံပါတ် ၁၀ကို အနားပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ရူဒါက – “ကျွန်တော်တို့က ကျောနံပါတ် ၁၀ကို အနားပေးခွင့် ရဖို့ ကောင်စီဆီ တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကျောနံပါတ် ၁၀ကို အနားပေးနိုင်ဖို့ ဗျူရိုကရက်တစ်နည်းအရ လုပ်ရမယ့် အဆင့်တချို့ ရှိပါသေးတယ်။ အဲ့ဒါတွေက သက်ဆိုင်ရာ ကောင်စီရဲ့ အတည်ပြုချက် ရဖို့နဲ့ အစည်းအဝေး တခု လုပ်ဖို့ပါ။ တချိန်ထဲမှာပဲ ကျွန်တော်တို့က ဇန်နဝါရီလ ကနေ စပြီးတော့ ကျောနံပါတ် ၁၀ကို ဝတ်ဆင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့ကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။