ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ ပေါ်တူဂီလူမျိုး နည်းပြ နူနို ဆန်းတို့စ်ဟာ အသင်းနဲ့ စာချုပ် ချုပ်ဆိုမှု အပြီးမှာပဲ သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဝုဗ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ကိုဒီကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

စပါးအသင်းဟာ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြရာထူး ကနေ ထုတ်ပယ်ပြီးနောက် အမြဲတမ်း နည်းပြနေရာ လစ်လပ်သွားခဲ့ကာ ထိုလစ်လပ်သွားတဲ့ ရာထူးနေရာ အတွက် နည်းပြ ၅ဦးခန့်ကို ဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် နောက်ဆုံးမှာ ဝုဗ်အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ နူနို ဆန်းတို့စ်ကို ၃နှစ် စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့တာပါ။

Photo Credit: Mirror

လက်ရှိမှာတော့ နူနို ဆန်းတို့စ်ဟာ စပါးအသင်းရှိရာ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပြီ ဖြစ်ကာ ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်တဲ့ ဆွန်ဟောင်မင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေသလို အသင်းကနေ ထွက်ခွာချင်နေတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း အသင်းမှာ ဆက်နေအောင် စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

အသင်းကို အင်အားဖြည့်တင်းဖို့ အတွက် ကစားသမားသစ် ခေါ်ယူရေး စီမံကိန်းနဲ့ ပတ်သတ်ပြီး ဆန်းတို့စ်ဟာ အသင်းရဲ့ ဥက္ကဌ လီဗိုင်း ၊ အားကစား ဒါရိုက်တာ ပါရာတစ်စီတို့နဲ့ တွေ့ဆုံကာ အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ဆန်းတို့စ်က ဝုဗ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက နောက်ခံလူလည်း ဖြစ်တဲ့ ကိုဒီကို စပါးအသင်းထံ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insider က အခိုင်အမာ ဖော်ပြသွားပါတယ်။

Photo Credit: Mirror

အသက် ၂၈နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ကိုဒီဟာ ဝုဗ်အသင်းမှာ ရှိနေစဉ်က ဆန်းတို့စ် အယုံကြည်ရဆုံး ဗဟိုနောက်ခံလူ ဖြစ်သလို လက်ရှိမှာ စပါးအသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ အယ်ဒါဝီရယ်ဟာ အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် ဆန်းတို့စ်က အသင်းရဲ့ ခံစစ်ကြောင်း အတွက် ကိုဒီကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း ကိုဒီဟာ သူ့ရဲ့ ဆရာရင်း နူနို ဆန်းတို့စ် ရှိတဲ့ စပါးအသင်းထံ ပြောင်းရွှေ့လာဖို့ ဆန္ဒရှိနေပြီး အသင်းပြောင်းခွင့် ပေးဖို့ ဝုဗ်အသင်းထံ တောင်းဆိုဖွယ် ရှိနေပါတယ်။ ကိုဒီဟာ ဝုဗ်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်တာကြောင့် ဝုဗ်အသင်းကတော့ သူ့ကို အလွယ်တကူ လက်မလွှတ်ချင်ပဲ ကိုဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း သိရပါတယ်။