ယူရို ၂၀၂၀ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းရဲ့ နည်းပြဖြစ်သူ ဆန်းတို့စ်ကတော့ ယမန်နေ့ညက ကစားခဲ့တဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ဂျာမဏီအသင်းကို ၂-၄ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ အမှားအယွင်းကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံပြောကြား သွားခဲ့ပါတယ်။ ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ ယခု ယူရိုပြိုင်ပွဲရဲ့ မရဏအုပ်စုလို့ သတ်မှတ်ခံထားရတဲ့ အုပ်စု F အတွင်းမှာ ဂျာမဏီ ၊ ပြင်သစ် ၊ ဟန်ဂေရီအသင်းတို့နဲ့ အတူတကွ ကျရောက်နေခဲ့တာ ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ ဟန်ဂေရီအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဂျာမဏီအသင်းနဲ့ ပွဲစဉ်မှာတော့ ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဂျာမဏီအသင်းနဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ သူတို့အသင်းရဲ့ ပုံမှန် ကစားပုံကနေ အနည်းငယ် ခွဲထွက်ကာ ဂျာမဏီအသင်းကို ပိုမို ဖိအားပေး ကစားဖို့ ကြိုးစားလာခဲ့ပေမယ့် ဂျာမဏီအသင်းရဲ့ အသင်းလိုက် ကစားပုံကို မယှဉ်နိုင်ခဲ့သလို ညာစွန်နောက်ခံလူ ဆီမီဒိုရဲ့ ပုံမှန်အောက် ရောက်နေတဲ့ စွမ်းဆောင်ရည်ကြောင့် ဂျာမဏီအသင်းကို စိတ်ကြိုက် ကစားခွင့် ပေးခဲ့ရကာ သွင်းဂိုး အများအပြား ခွင့်ပြုပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဂျာမဏီအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်းတခု ရရှိဖို့ လိုအပ်နေပြီး အနိမ့်ဆုံး သရေတမှတ် ရရှိမှသာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ သေချာမှာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဂျာမဏီအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုတွေ ရှိခဲ့တဲ့ အကြောင်းကို ဆန်းတို့စ်က – “ ကျွန်တော်က ကွင်းလယ်ပိုင်းကို နည်းနည်းလေး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အဓိက ကတော့ ဂျာမဏီ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ တိုနီကရူးစ်တို့ကို ဖိအားပေးချင်တာကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့က အရှေ့ကို တက်ကစားဖို့ အနည်းငယ် လိုအပ်ခဲ့ပြီး ဘယ်အစွန်နဲ့ ညာအစွန် နောက်ခံလူတွေကို အဲ့ဒီလို တက်ကစားစေခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ နည်းစနစ်အမှားပါ။ ဒါကြောင့် ဒီရှုံးပွဲအတွက် ကျွန်တော်က တာဝန်အရှိဆုံးပါ။ ပွဲအစပိုင်းမှာ ဂျာမဏီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရထားပြီး အားလုံးကို ထိန်းချုပ်ထားနိုင်ပေမယ့် ကျွန်တော်တို့က သူတို့ကို ပြန်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တခုခုက လွဲမှားသွားပါတယ်။ ဒါကိုလဲ သိသိသာသာ မြင်နိုင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ ဒီရှုံးပွဲ အတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။