၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီအသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆန်းတို့စ်က သူဟာ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို လာမယ့်ပွဲတွေမှာ အရန်တိုက်စစ်မှူး အဖြစ်သာ အသုံးပြုဖို့ စဉ်းစားထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုနယ်ဒို ဦးဆောင်နေတဲ့ ပေါ်တူဂီက သူတို့ရဲ့ တောင့်တင်းလှတဲ့ လူစာရင်းနဲ့ အားကောင်းတဲ့ တိုက်စစ်စွမ်းဆောင်ရည်တို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း ဖြစ်ပြီး သူတို့အသင်းဟာ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း ကစားရခက်တဲ့ ဆွစ်ဇာလန်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ ပေါ်တူဂီက ယနေ့ညမှာ ကစားရမယ့် မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်ပွဲမှာ အနိုင်ရမယ့်အသင်း အဖြစ် ရေပန်းစားနေခဲ့ပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က မော်ရိုကိုနဲ့ပွဲမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် သုံးမလား ၊ မသုံးဘူးလား ဆိုတာဟာ ပေါ်တူဂီ ပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်းအရာ တခုပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒိုက ပေါ်တူဂီရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ဆန်းတို့စ်က ပြီးခဲ့တဲ့ ပေါ်တူဂီ ၆-၁ ဆွစ်ဇာလန်ပွဲမှာ ရိုနယ်ဒိုကို အရန်တိုက်စစ်မှူး အဖြစ်သာ အသုံးပြုခဲ့ပြီး အဆိုပါပွဲမှာ ရိုနယ်ဒို မပါဝင်တဲ့ ပေါ်တူဂီရဲ့ တိုက်စစ်ဟာ အတော်လေးကို လျင်မြန်သလို နေရာစုံ ၊ ထောင့်စုံကနေ ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပါတယ်။

Photo Credit: 90 Min

ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပေါ်တူဂီနဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ရိုနယ်ဒို မပါဝင်တဲ့ ပေါ်တူဂီရဲ့ တိုက်စစ်ပိုင်းကို ပိုသဘောကျကြောင်းနဲ့ အသက်အရွယ် ရလာတဲ့ ရိုနယ်ဒိုကလည်း လူစားဝင် တိုက်စစ်မှူး အဖြစ် ဝင်ရောက် ကစားရင် ခွန်အားအပြည့်နဲ့ ကစားနိုင်တာကြောင့် ရိုနယ်ဒိုကို အရန် တိုက်စစ်မှူး အဖြစ် အသုံးပြုတာဟာ သင့်တော်တဲ့ နည်းစနစ် တခု ဖြစ်ကြောင်း ဆိုလာပါတယ်။

ဆန်းတို့စ်က – “ကျွန်တော်က သူ့ကို တကယ်လို့ သူသာ ပွဲထွက် ကစားသမား အဖြစ် မကစားရင် အသင်းရဲ့ နည်းစနစ်ပိုင်းဟာ ပိုမို ကောင်းလာလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ပြီးတော့ သူ့အတွက်လည်း ဒုတိယပိုင်း ရောက်မှ ဝင်ကစားတာဟာ ပိုပြီး ကောင်းတဲ့ ရွေးချယ်မှု တခုပဲလေ။ ရိုနယ်ဒိုက ကျွန်တော့်ရဲ့ နည်းစနစ်နဲ့ ပတ်သတ်ပြီး ကျေနပ်မှုတော့ မရှိခဲ့ပါဘူး။ သူက အမြဲတမ်း ပွဲထွက် တိုက်စစ်မှူးပဲ ဖြစ်ချင်တာလေ။ သူက ကျွန်တော့်ကိုတောင် “အဲ့ဒီအကြံက တကယ်ကောင်းတဲ့ အကြံလို့ ထင်လား” ဆိုပြီး ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ခဲ့တာကို အားလုံးလည်း အသိပါပဲ” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။