ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဆန်းတို့စ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဇာဘိုင်ဂျန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက ၃ဂိုးထဲသာ ရခဲ့လို့ မကျေမနပ် ဖြစ်ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ယမန်နေ့မှာ အဇာဘိုင်ဂျန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျိုတာ ၊ ဘာနာဒို ဆေးလ်ဗား ၊ ဘရူနို ဖာနန်ဒက်တို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ၀-၃ ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲတပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ ပေါ်တူဂီအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၆မိနစ်မှာ ဘာနာဒို ဆေးလ်ဗား ၊ ပွဲကစားချိန် ၃၁မိနစ်မှာ အန်ဒရီ ဆေးလ်ဗားနဲ့ ပွဲကစားချိန် ၇၅မိနစ်မှာ ဂျိုတာတို့က အသီးသီး သွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အဆိုပါပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၂၁ကြိမ် ရှိခဲ့ရာ ကနေ သွင်းဂိုး ၃ဂိုး ရရှိခဲ့တာ ဖြစ်ပြီး ပေါ်တူဂီအသင်းရဲ့ နည်းပြဖြစ်သူ ဆန်းတို့စ်ကတော့ သူတို့အသင်းဟာ ဂိုးကွာခြားချက် ပိုမို ကြီးမားအောင် မလုပ်နိုင်ခဲ့တဲ့ အတွက် အားမလို အားမရ ဖြစ်မိကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: Fot Mob

ဆန်းတို့စ်က – “ဒီနေ့ပွဲရဲ့ ရလဒ်ပိုင်းနဲ့ ပတ်သတ်ပြီး ပြောစရာ ရှိတဲ့ တခုထဲသော အရာကတော့ သွင်းဂိုးတွေ ထပ်ပြီး မသွင်းနိုင်ခဲ့တာပါပဲ။ အသင်းက စုဖွဲ့မှုကောင်းကောင်း မရသေးတဲ့ အချိန်မှာ ပြဿနာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကိုင်ကစားပြီး တဖက်အသင်းကို ပင်ပန်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ ဘောလုံးရသွားတဲ့ အခါ လိုချင်သလို ကစားဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ တဖက်အသင်းရဲ့ ခံစစ်ကြောင်းကြောင့် သွင်းဂိုးတွေ ရရှိဖို့ စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရပါတယ်။ ဒုတိယဂိုး သွင်းယူပြီးနောက် သူတို့တွေ ၄-၃-၃ ကစားကွက်ကို ပြောင်းပြီး ကစားတဲ့ အချိန်မှာတော့ ကျွန်တော်တို့က နေရာလွတ်တွေ ပိုရခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေလည်း များစွာ ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။