ဘရာဇီးလ် ကလပ်တွေထဲမှာ ဥရောပတိုက် အထိ နာမည်ကျော်ကြားတဲ့ ဆန်းတို့စ်အသင်း ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး တစ်ဦးဖြစ်တဲ့ ပီလီရဲ့ ဂိုးသွင်း စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးစံချိန် ကို လက်ခံပေးဖို့ ငြင်းဆန် သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ကစားခဲ့တဲ့ ဗယ်လာဒိုးလစ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ သူဟာ ပီလီရဲ့ ကလပ်အသင်း တစ်သင်းထဲ အတွက် သွင်းဂိုး အများဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဗယ်လာဒိုးလစ် အသင်းနဲ့ ပွဲစဉ် အပြီးမှာ လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာ ကစားသမား ဘဝ သွင်းဂိုးဟာ စုစုပေါင်း ၆၄၄ဂိုး အထိ ရှိသွားခဲ့ပြီး အဆိုပါ သွင်းဂိုး ပမာဏဟာ ဆန်းတို့စ်အသင်း အတွက် သွင်းဂိုး ၆၄၃ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ပီလီရဲ့ သွင်းဂိုးစံချိန်ထက် တစ်ဂိုး ပိုများနေပါတယ်။ ဒါ့ကြောင့်ပဲ မက်ဆီဟာ ဘောလုံးသမိုင်း တစ်လျှောက်မှာ ကလပ်အသင်း တစ်သင်းထဲ အတွက် သွင်းဂိုး အများဆုံး သွင်းယူပေးနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ဘောလုံး သတင်းဌာနတွေက ဖော်ပြ ချီးကျူးခဲ့ကြပါတယ်။ ဒါပေမယ့် ဆန်းတို့စ်အသင်း ကတော့ မက်ဆီရဲ့ အဆိုပါ သွင်းဂိုးစံချိန်ကို လက်ခံပေးဖို့ ငြင်းဆန်ခဲ့ပြီး ပီလီဟာ ဆန်းတို့စ်အသင်း အတွက် စုစုပေါင်း ၁၀၉၁ဂိုး အထိ သွင်းယူခဲ့တာ ဖြစ်ကြောင်း အတိအလင်း ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဆန်းတို့စ်အသင်းရဲ့ သမိုင်းကြောင်းနဲ့ ပတ်သတ်တဲ့ တာဝန်ခံ တစ်ဦးဖြစ်တဲ့ ရိုင်ဘယ်ရီယို ကတော့ ပီလီရဲ့ သွင်းဂိုးတွေ အကြောင်းနဲ့ ပတ်သတ်ပြီး ဆန်းတို့စ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ အခုလိုပဲ ဖော်ပြ ရေးသား သွားခဲ့ပါတယ်။ ရိုင်ဘယ်ရီယိုက “ဘုရင်ကြီး ပီလီ – ဆန်းတို့စ်အသင်း အတွက် ၁၀၉၁ဂိုး ၊ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လူတွေ အတော်များများက ဆိုရှယ်မီဒီယာတွေပေါ်မှာ ၊ ဂျာနယ်တွေမှာ ၊ အင်တာဗျူးတွေမှာ ပီလီရဲ့ ဆန်းတို့စ်အသင်း အတွက် သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေ အကြောင်း ပြောခဲ့ကြပါတယ်။ တချို့ အချက်အလက် စုဆောင်းသူတွေရဲ့ တွက်ချက်မှုအရ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး ၆၄၄ဂိုး သွင်းယူပေးပြီးတဲ့ နောက်မှာ အသင်းတစ်သင်းထဲ အတွက် သွင်းဂိုး အများဆုံး သွင်းယူ ပေးနိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်”

Photo Credit: Daily Mail

“ဒါပေမယ့် မက်ဆီရဲ့ သွင်းဂိုးတွေထဲက တချို့ဟာ တရားဝင်တယ် လို့ ယူဆထားတဲ့ ခြေစမ်းပွဲတွေ ကနေ ရခဲ့တဲ့ သွင်းဂိုးတွေပါ။ သမိုင်းမှတ်တမ်းတွေ ၊ အသင်းရဲ့ သမိုင်းမှာ ရှိထားတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင် ပီလီဟာ ဆန်းတို့စ်အသင်း အတွက် သွင်းဂိုး ၁၀၉၁ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။ အချက်အလက် မှတ်တမ်းတွေ မှာတော့ ပီလီဟာ တရားဝင် ပြိုင်ပွဲတွေမှာ သွင်းဂိုး ၆၄၃ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစမ်းပွဲတွေမှာ သွင်းဂိုး ၄၄၈ဂိုး သွင်းယူနိုင်ခဲ့တယ် လို့ မှတ်တမ်း တင်ထားပေမယ့် တကယ်တမ်း သူတို့ ပြောနေကြတဲ့ ခြေစမ်းပွဲတွေ ဆိုတာဟာ တောင်အမေရိကရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အမေရိကအသင်း (မက္ကဆီကို) ၊ ကိုလိုကိုလို (ချီလီ) တို့လို အသင်းတွေနဲ့ တွေ့တဲ့ အချိန်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေပါ” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။