နယ်သာလန်ရဲ့ လက်ရှိချန်ပီယံ ဖီယင်နုရဲ့ အဓိက တိုက်စစ်မှူး ဂျီမီနက်ဇ်က သူဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ ဖီယင်နုအတွက် မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူ ဖြစ်ပြီး သူက ဖီယင်နုအတွက် နယ်သာလန်လိဂ်မှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football Transfer

ဂျီမီနက်ဇ်က ၂၀၂၂ခုနှစ်မှာ မက္ကဆီကိုကလပ် ခရူဇ် အဇယ် ကနေ ဖီယင်နုထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဖီယင်နုထံ ရောက်ရှိပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၃ဂိုး အထိ သွင်းယူထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေက သူ့ကို ကင်းထောက်မှုတွေ လုပ်နေကြပြီး ဂျီမီနက်ဇ်ကတော့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းခွင့် ရခဲ့ရင် အတော်လေး ပျော်မိမယ်လို့ ဆိုလာပါတယ်။

Photo Credit: Marca

ဆန်တီယာဂို ဂျီမီနက်ဇ်က – “ကျွန်တော်သာ ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးခွင့် ရခဲ့မယ် ဆိုရင် အတော်လေး ပျော်မိပါမယ်။ ရီးရဲလ်မက်ဒရစ်က ထိပ်သီးအသင်း တသင်းပါ။ ဒါကြောင့် ရီးရဲလ်ဆီသာ ပြောင်းခွင့် ရမယ် ဆိုရင် အရမ်း ကောင်းပါလိမ့်မယ်” လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

ဖီယင်နုကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဂျီမီနက်ဇ်ကို ရောင်းချဖို့ စိတ်ကူးမရှိိ​သေးပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်သာ ရမယ် ဆိုရင် ရောင်းထုတ်ဖို့ စဉ်းစားနိုင်ပါတယ်။