မန်စီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးက သူရဲ့အသင်းဟောင်း မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ အသင်းရဲ့ဘယ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ခြင်းမပြုလုပ်ပဲ ဘိုင်ယန်အသင်းမှာသာ ဆက်လက်ရှိနေစေဖို့ အကြံပြုတိုက်တွန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီယားလက်ရွေးစင် နောက်ခံကစားသမား အလာဘာဟာ စျေးကွက်အတွင်းမှာ ဘိုင်ယန်အသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် ဒါမှမဟုတ် စပိန်လာလီဂါပြိုင်ပွဲတွေက ထိပ်သီးအသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်နေပြီး သူ့ကိုလည်း ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သူနဲ့ အသင်းဖော်ဖြစ်လာတော့မယ့် ဘိုင်ယန်ကစားသမားသစ် ဆာနေးကတော့ အလာဘာကို အသင်းကနေ ထွက်ခွာခြင်းမပြုပဲနဲ့ ဘိုင်ယန်မှာပဲ ဆက်လက်ကစားသွားဖို့ တိုက်တွန်းခဲ့သလို သူကိုယ်တိုင်ကလည်း အလာဘာနဲ့တွဲကစားချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ဆာနေးက “ကျွန်တော်ကတော့ အလာဘာကို ဘိုင်ယန်မှာပဲ ဆက်လက်ရှိနေစေချင်ပါတယ်။ ကျွန်တော်သူနဲ့လည်း တွဲဖက်ကစားချင်ပါသေးတယ်။ သူက တကယ့်ကို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူပါ။ နောက်ပြီး ဘောလုံးသမားကောင်းတစ်ယောက်လည်း ဖြစ်နေပါတယ်။ နောက်ပြီးသူက ဘယ်ခြမ်းခံစစ်မှာပဲ World-Class ခြေစွမ်းမျိုး ပြသနိုင်တာမဟုတ်ပဲ ခံစစ်ရဲ့ဗဟိုနေရာမှာပါ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သေးတယ်ဆိုတာကိုပါ သက်သေပြထားနိုင်ခဲ့သူပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ အလာဘာကို မန်စီးတီးအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ဘိုင်ယန်မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဥ် အလာဘာကို အကောင်းဆုံးခံစစ်ကစားသမားတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တာဖြစ်ကာ လက်ရှိမန်စီးတီးရဲ့ခံစစ်အားနည်းချက်တွေအတွက် ဂွာဒီယိုလာက သူ့တပည့်ဟောင်း အလာဘာကို ပြန်လည်အလိုရှိနေတာဖြစ်ပါတယ်။