ဂျာမနီ လက်ရွေးစင် တောင်ပံ ကစားသမား ဆာနေးကတော့ အင်္ဂလန်နိုင်ငံမှာ မန်စီးတီးအသင်းနဲ့ (၄) နှစ်ကြာ ကစားပြီးနောက် သူ့ရဲ့ မွေးရပ်နိုင်ငံက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းသွားခဲ့ပြီး မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကို ကျေးဇူးတင်ကြောင်း နှုတ်ဆက်စာ ရေးသားသွားခဲ့ပါတယ်။ တောင်ပံကစားသမား ဆာနေးဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က နွေရာသီ အပြောင်းအရွေ့မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၃၅) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၉) ဂိုး နဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုှု (၄၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဆာနေးဟာ မန်စီးတီးအသင်းကို အင်္ဂလန်နိုင်ငံရဲ့ အကြီးမားဆုံး ဆုဖလား ဖြစ်တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို (၂) ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ထိုက်တန်စွာ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ဆာနေးဟာ (၂၀၁၉) ခုနှစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲထွက်ကစားခွင့် နည်းပါးလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် (၄၅) သန်းနဲ့ ပြောင်းရွေ့သွားခဲ့ပြီးနောက် နည်းပြ ပက် ဂွါဒီယိုလာကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် နည်းပြပေးခဲ့လို့ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဆာနေးက “ကောင်းမွန်တဲ့ အချိန် နဲ့ လွန်ခဲ့တဲ့ (၄) နှစ်တာအတွင်း အားပေးထောက်ပံ့မှုတွေအတွက် အလွန် ကျေးဇူးတင်ပါတယ်။ အဲဒီအချိန်တွေက တကယ် စိတ်ထက်သန်ပြီး အောင်မြင်ခဲ့တဲ့ အချိန် ဖြစ်ခဲ့ပြီး ကျွန်တော် မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တွေ အများကြီး အနိုင်ရရှိခဲ့တယ်။ သွင်းဂိုးတွေ အများကြီး သွင်းခဲ့တယ်။ စံချိန်တွေလည်း ရိုက်ချိုးခဲ့ကြတယ်။ ဆုဖလား (၇) ကြိမ် ရရှိခဲ့ပြီး အတူတူ အောင်ပွဲခံခဲ့ကြတယ်။ ပရိသတ်တွေ၊ အသင်းရဲ့ ဝန်ထမ်းတွေ နဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်ကို ပျော်ရွင်မှု၊ ဂုဏ်ယူမှုတွေနဲ့ အမြဲ အမှတ်ရနေပါမယ်။ နောက်ပြီး ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် နည်းပြပေးခဲ့တဲ့ ကျွန်တော့်ရဲ့ နည်းပြကိုလည်း ကျေးဇူးးတင်ပါတယ်။ (၂၀၁၈) ခုနှစ်က တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ရရှိခဲ့တဲ့ အချိန်မှာ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ကျွန်တော် အများကြီး သင်ယူခဲ့ပြီး ဒီခရီးရှည်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရလို့ ဂုဏ်ပါတယ်”လို့ ရေးခဲ့ပါတယ်။