မန်စီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဂျာမန်တောင်ပံတိုက်စစ် ကစားသမား လီရွိုင်းဆာနေးက သူအနေနဲ့ ဘိုင်ယန်ကိုပြောင်းရွှ့ဖို့ ဆုံးဖြတ်ခဲ့ရတာက နောက်ထပ်စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ချင်လိုသာဖြစ်ပြီး အသင်းဟောင်း မန်စီးတီးက ဒီနောက်ပိုင်းမှာ နိုင်ပွဲဆာလောင်တဲ့ စိတ်ဓါတ်တွေ လျော့နည်းလာခဲ့လို့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တောင်ပံကစားသမားဆာနေးဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမကုန်ဆုံးခင်မှာပဲ ဘိုင်ယန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဒီလိုအသင်းပြောင်းခြင်းကလည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေသလို မန်စီးတီးအသင်းရဲ့ နိုင်ပွဲဆာလောင်စိတ်တွေ ပျောက်ဆုံးလာခဲ့တာကြောင့်မဟုတ်ကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဆာနေးက “ဂွာဒီယိုလာကြောင့် ကျွန်တော်အများကြီး တိုးတတ်လာခဲ့တယ်လို့ ထင်ပါတယ်။ စီးတီးကို စရောက်ရှိချိန်တုန်းက ကျွန်တော့်အသက် ၁၉နှစ်ပဲ ရှိသေးတာ။ ဂျာမနီမှာလည်း တစ်ရာသီလေးပဲ ဖြတ်သန်းထားခဲ့ဖူးတာ ဆိုပေမယ့် သူ့ကြောင့်ပဲ အင်္ဂလန်မှာ တိုးတတ်မှုတွေ အများကြီး ရှိလာခဲ့တယ်”

Photo Credit : Goal

“သူကြောင့် ကျွန်တော်ဘက်စုံ တိုးတတ်လာခဲ့ရတာပါ။ သူက ကျွန်တော့်ကို မတူကွဲပြား အဆင့်တစ်ခုစီ ပို့ဆောင်ပေးလိုက်သလိုပါပဲ။ (၄)နှစ်တာအတွင်းမှာ ကျွန်တော်တို့တွေ ဆုဖလားအောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ဒီအတိုင်းပဲ ဘိုင်ယန်ကလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အခု အသင်းပြောင်းရခြင်း အကြောင်းအရင်းက မန်စီးတီးအသင်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ အသင်းက နိုင်ပွဲဆာလောင်မှုတွေ လျော့နည်းလာလို့ အသင်းကနေ ထွက်ခွာချင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော်ရဲ့ စိတ်ကူးသက်သက်ကြောင့်ပါပဲ။ ကျွန်တော် ဒီမှာ လာရောက်ကစားဖို့ စိတ်ကူးရှိနေခဲ့တာကြောင့်သက်သက်ပဲ အပြောင်းအရွှေ့က ဖြစ်လာခဲ့ရတာပါ” လို့ ပြောဆိုလာခဲ့ပါတယ်။ ဆာနေးဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ဆင်နွဲဖို့ ရှိနေသေးပေမယ့်လည်း ဘိုင်ယန်အသင်းဆီကို အလျင်အမြန် ပြောင်းရွှေ့ခဲ့ရတာက သူရဲ့အပြောင်းအရွှေ့ကိစ္စကို အဆင်ပြေ ချောမွေ့စွာနဲ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ဆောင်ချင်လို့ဖြစ်ပြီး တကယ်လို့သာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကစားဖြစ်မယ်ဆိုရင် အသင်းပြောင်းဖို့ကိစ္စက ပိုမိုကြန့်ကြာသွားနိုင်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။