ယခုလအတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်း ကနေ မွေးရပ်မြေ ဂျာမဏီရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဆီကို ၅နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံ ကစားသမား ဆာနေးကတော့ သူ့ရဲ့ နိုင်ငံအသင်းဖော် ကိုင်ဟားဗက်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့သွားပြီလို့ ဖွင့်ဟသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ လေဗာကူဆင်အသင်းရဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ဟားဗက်ကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အောင်မြင်သွားပြီလား ၊ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်သေးလားဆိုတာကို သိလိုသူတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Irish Mirror

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ဂျာမန် လူငယ်ခြေတက် ကစားသမား ကိုင်ဟားဗက်ကို ခေါ်ယူဖို့အတွက် လွန်ခဲ့တဲ့လကတည်းက ကြိုးစားနေတာ ဖြစ်ပြီး ဟားဗက်အတွက် လေဗာကူဆင်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေဖို့ အသင့်ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ဥရောပ ဘောလုံးကျွမ်းကျင်သူတွေက ဟားဗက် ဟာ ချယ်လ်ဆီးအသင်းရဲ့ တတိယမြောက် နွေရာသီ ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ထားကြတာပါ။ လက်ရှိမှာတော့ ဆာနေးက အင်တာဗျူးတစ်ခုမှာ ဟားဗက်ရဲ့ အပြောင်းအရွှေ့အကြောင်းကို ပြောဆိုမိသွားခဲ့ပြီး ဆာနေးရဲ့ ပြောပြမှုအရတော့ ချယ်လ်ဆီးအသင်းဟာ ဟားဗက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Irish Mirror

ဟားဗက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ကြားမှာ ရှိတဲ့ အပြောင်းအရွှေ့ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ဆာနေးက ” ဂျာမနီနိုင်ငံဟာ အမြဲတမ်းလိုလို ထိပ်တန်းလူငယ် ကစားသမားတွေကို ပိုင်ဆိုင် ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာ မလိုပါဘူး။ အခုချိန်မှာ ဘာ့ကြောင့် ကလပ်အသင်းတွေဟာ ဂျာမန်လူငယ်တွေကို ခေါ်ယူဖို့ ကြိုးစားနေသလဲ ဆိုတာကိုတော​့ ကျွန်တော်လည်း နားမလည်ပါဘူး။ ဘွန်ဒက်လီဂါဟာ ဆွဲဆောင်မှု ကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ လူငယ် ကစားသမားတွေဟာ အခွင့်အရေးတွေ ရလာပြီး တိုးတက်လာတာကို ခင်ဗျားတို့ မြင်ကြမှာပါ။ ပြီးတော့ တီမိုဝါနာနဲ့ ကိုင်ဟားဗက်တို့ရဲ့ အပြောင်းအရွှေ့ဟာလည်း အဲ့ဒီလိုပါပဲ။ သူတို့ နှစ်ယောက်စလုံးကို ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့တာဟာ အတော်လေး ကောင်းမွန်ပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။