ဘိုင်ယန်မြူးနစ်အသင်း နဲ့ ဂျာမနီ လက်ရွေးစင် တောင်ပံကစားသမား လီရွိုင်းဆာနေးဟာ ကလပ်အသင်း ကစားသမားဘဝမှာ နိုင်ငံအသင်း ကစားသမားဘဝမှာပါ တစ်ကြိမ်တစ်ခါမှ အနီကတ် မပြခံခဲ့ရပေမယ့်လည်း သြစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ပထမဆုံးအကြိမ် အနီကတ် ပြသခံလိုက်ရပါတယ်။

အသက် (၂၇)နှစ်အရွယ် ညာတောင်ပံ ကစားသမား ဆာနေးဟာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲရဲ့ ဒုတိယပိုင်း အစလောက်မှာပဲ သြစတြီးယား နောက်ခံကစားသမားရဲ့ မျက်နှာကို တွန်းထိုးလိုက်တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။

Photo Credit : Bleacher Report

ဘောလုံးယှဉ်လှကြရင်း ကစားသမားနှစ်ယောက် အပြန်အလှန် အချင်းများတော့မယ့် အချိန်မှာ ဆာနေးက သူရဲ့ အပြုအမှုကို မထိန်းချုပ်နိုင်တော့ပဲ ပြိုင်ဘက် ကစားသမားရဲ့ မျက်နှာကို လက်နဲ့ တွန်းထိုးလိုက်သလို ဖြစ်သွားတာကြောင့် အခုလို တိုက်ရိုက် အနီကတ်ပြစ်ဒဏ် ထိသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီအနီကတ်ဟာ ဆာနေးအတွက်တော့ ကလပ်အသင်း နဲ့ နိုင်ငံအသင်း ကစားသမားဘဝ ပွဲပေါင်း (၄၀၂)ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြသခံခဲ့ရတဲ့ အနီကတ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သလို ကစားသမား (၁၀)ဦးတည်းနဲ့ ကစားခဲ့ရတဲ့ ဂျာမနီကလည်း သြစတြီးယားကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : 433

ယူရို-၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရမယ့် ဂျာမနီအသင်းဟာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားပြီးနောက် နည်းပြသစ် နာဂယ်စမန်း လက်ထက်မှာလည်းပဲ နောက်ဆုံး (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။

ယူရိုပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်နေတာကြောင့် ယူရို ခြေစစ်ပွဲတွေ ကစားစရာ မလိုအပ်တဲ့ ဂျာမနီအသင်းဟာ ခြေစမ်းပွဲတွေသာ ကစားနေရပြီး ကမ္ဘာ့ဖလားအပြီး ကစားခဲ့ရတဲ့ ခြေစမ်းပွဲစဉ် (၁၁)ပွဲအတွင်း နိုင်ပွဲ (၃)ပွဲသာ ရရှိခဲ့ကာ (၆)ပွဲအထိတောင် အရေးနိမ့်ခဲ့ရပါတယ်။