ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ လူငယ်တောင်ပံ ကစားသမားဖြစ်တဲ့ ဂျာမဏီလက်ရွေးစင် ဆာနေးဟာ ဂျာမန် ဘွန်ဒက်လီဂါအသင်းဖြစ်တဲ့ ဘိုင်ယန် မြူးနစ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားပြီလို့ ဂျာမန်သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၄နှစ် အရွယ် တောင်ပံကစားသမား ဆာနေးဟာ ရော်ဘင် ၊ ရစ်ဘာရီတို့ကို ဆုံးရှုံးခဲ့ရတဲ့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမား တစ်ဦးဖြစ်ပြီး ဆာနေးဟာလည်း သူ ကျင်လည်ဖူးရာ ဘွန်ဒက်လီဂါပြိုင်ပွဲထံကို ပြန်လည် ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတာကြောင့် ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

Photo Credit: Daily Mail.com

နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ Sport Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ကြားထဲမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်းနဲ့ ဆာနေးဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက် ကတော့ ဆာနေးအတွက် မန်စီးတီးအသင်းထံကို ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး မန်စီးတီးအသင်းဘက်က ဆာနေးအတွက် သတ်မှတ် ထားတဲ့ တန်ကြေးကို လျှော့ချပေးဖို့လည်း မျှော်လင့်ထားတယ်လို့ အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ရာသီမှာလည်း ဆာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းထံကနေ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့ပါတယ်။

Photo Credit: Daily Mail.com

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်၃၅သန်း နဲ့ စတင် ကမ်းလှမ်းထားခဲ့ပြီး မန်စီးတီးအသင်း ဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဘောလုံးသုံးသပ်သူတွေက ဆိုထားကြပါတယ်။ မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေ ကတော့ မန်စီးတီးအသင်းဟာ ဆာနေးကို ရောင်းချဖို့အတွက် မစဉ်းစားထားကြောင်းနဲ့ အကယ်၍ မဖြစ်မနေ ရောင်းချရပါကလည်း ပြောင်းရွှေ့ကြေး ပေါင်၇၀သန်းနဲ့ အထက်ကိုသာ ထည့်သွင်းစဉ်းစားမှာ ဖြစ်တယ် လို့ ဖွင့်ဟပြောကြားထားကြပါတယ်။ ဂျာမဏီ လက်ရွေးစင်ကစားသမားတွေ ဆိုရင် အမြဲတမ်း လက်ဦးမှုရယူကာ ခေါ်လေ့ရှိတဲ့ ဘိုင်ယန် ၊ မန်စီးတီးအသင်းမှာ မပျော်မွေ့တော့တဲ့ ဆာနေးနဲ့ ဆာနေးကို လက်မလွှတ်လိုတဲ့ မန်စီးတီး အသင်းတို့ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။