ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆာနေးဟာ မန်စီးတီးအသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့အတွက် ငြင်းဆိုခဲ့အပြီးမှာတော့ ဘွန်ဒက်လီဂါရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရသွားခဲ့ပြီ လို့ သိရှိရပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ BILD ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ပြောင်းရွှေ့ကြေး ယူရို၄၈သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပြီး အဆိုပါ အပြောင်းအရွှေ့ကို မကြာမီမှာပဲ တရားဝင် အတည်ပြုဖွယ် ရှိနေပါတယ်။

Photo Credit: Sports Bible

အသက် ၂၄နှစ်အရွယ် ဂျာမန်တောင်ပံ ကစားသမား ဆာနေးဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ ရာသီဝက်မှာ မန်စီးတီးအသင်းရဲ့ ပွဲစဉ် အတော်များများကို လွဲချော်ခဲ့သလို ဒဏ်ရာ ကနေ ပြန်လည် သက်သာလာချိန်မှာလည်း အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့အပတ် ကပဲ အတည်ပြုထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ဘက်က ဆာနေးကို ၂၀၂၅ခုနှစ်ထိ သက်တမ်း ရှိတဲ့ ၅နှစ် စာချုပ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ကြောင်း သိရကာ ဆာနေးဘက်ကလည်း အဆိုပါ စာချုပ်ကို လက်ခံလိုက်ပါပြီ။

Photo Credit: Sports Bible

Daily Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်စီးတီးအသင်းဘက်က ဆာနေးကို ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်မှာ ဆာနေးဟာ တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ သာ ရရှိမှာ ဖြစ်ပြီး လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆာနေးတို့ရဲ့ ကြားမှာ ချုပ်ဆိုခဲ့တဲ့ စာချူပ်မှာတော့ ဆာနေးဟာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ အထိ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဆာနေးဟာ မန်စီးတီးအသင်းနဲ့ တစ်နှစ် သက်တမ်းသာ ကျန်ရှိတော့သူ ဖြစ်ကာ မန်စီးတီးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေမှာလည်း ဝင်ရောက် ကစားဖို့ ငြင်းဆန်ထားတာကြောင့် ယခု တစ်ပတ်အတွင်းမှာပဲ ဂျာမဏီနိုင်ငံကို သွားရောက်ကာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆေးစစ်မှု ခံယူပြီး အပြောင်းအရွှေ့ကို ပြီးဆုံးအောင် လုပ်ဆောင်ဖွယ် ရှိတယ်လို့ ဂျာမဏီ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။