မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ရုပ်သံဘောလုံး ဝေဖန်ရေးသမားအဖြစ် လုပ်ကိုင်ဆောင်ရွှက်နေတဲ့ ဂယ်ရီနဖီးလ်က ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုအနေနဲ့ အသင်းမှာ ပွဲကစားခွင့်တွေ သိပ်မရလာတာနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ စိတ်ပျက်မှုတွေ ဖြစ်လာကာ အသင်းဖော် ဒွန်နီဗန်ဒယ်ဘိခ်လို အခြေအနေမျိုးထိ ရောက်သွားနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : 90Min

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီကို ပေါင်(၇၃)သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းနဲ့ ပွဲဦးထွက်ရတဲ့ ဘောလုံးရာသီမှာပဲ သူရဲ့ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်နေရခြင်းအပေါ် စိတ်ပျက်လျက် ရှိနေနိုင်တဲ့အပြင် ယူနိုက်တက်ရဲ့ ကစားဟန်နဲ့ပါ အံ့ဝင်ခြင်း သိပ်မရှိနိုင်တာကြောင့် သူရဲ့အသင်းဖော် နယ်သာလန် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်လို အခြေအနေမျိုးကို ရောက်သွားနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး နဖီးလ်က သတိပေး ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Flipboard

ဆန်ချိုနဲ့ပတ်သက်ပြီး နဖီးလ်က “ဗန်ဒယ်ဘိခ်အကြောင်း ကျွန်တော် မတွေးပဲ မနေနိုင်ပါဘူး။ (၁၈)လနီးပါးလောက် ဘောလုံးကစားခွင့် မရနိုင်ခဲ့တဲ့ ဒီကလေးအတွက် ယူနိုက်တက်အသင်းကို ပေါင်သန်း(၄၀)လောက် ဖြုန်းတီးဖို့ ဘယ်သူက စပွန်ဆာပေးခဲ့တာလဲ။ ဆန်ချိုအနေနဲ့ကလည်း သတိမထားပဲ နေခဲ့မိမယ်ဆိုရင် ဒီပုံစံအတိုင်းပဲ အဆုံးသတ်သွားနိုင်ပါတယ်။ သူ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းက အလွန်ဆိုးရွှားစရာကောင်းတဲ့ စွမ်းဆောင်ရည်တချို့နဲ့ ကစားသွားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုပဲ ဆိုလိုချင်တာ မဟုတ်ဘူး။ အသင်းတစ်သင်းလုံးရဲ့ စွမ်းဆောင်မှုကို ပြောတာပါ။ တကယ်တော့ သူက သူအရင် ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းရဲ့ ဘောလုံးကစားပုံကနေ လုံးဝကွဲလွဲလို့နေတဲ့ အသင်းတစ်သင်းဆီကို ရောက်လာခဲ့ရတာ။ သူက ဒေါ့မွန်မှာ ပိုစည်းစည်းလုံးလုံးနဲ့ကို ကစားခဲ့ရတယ်။ ဒီကို သူရောက်လာချိန်မှာ ငါအခုရောက်နေတဲ့ နေရာက ဘာကြီးလဲကွာ ဘာစည်းလုံးမှုမှလည်း ရှိမနေ ဘာဖွဲ့စည်းမှုမှလည်း ရှိမနေ ခံစစ်ကစားပုံကလည်း ဆိုးရွှားလိုက်တာဆိုပြီး တွေးမိမှာပဲ။ တကယ်ဆိုရင် သူက ယူနိုက်တက် တိုက်စစ်ကစားသမားတွေထဲကမှ ခံစစ်ကို လိုက်ပါပြေးလွှားမှု လုပ်နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခံစစ်ကို ဆင်းကူရတဲ့ နေရာတိုင်းလိုလိုရဲ့ အနီးအနားလောက်မှာလည်း ရှိနေတတ်ပါတယ်။ ဒါပေမယ့် အခု အသင်းမှာ အလုပ်ဖြစ်နေတဲ့ ကစားကွက်အတွင်း သူဝင်ကစားရဖို့ မျှော်လင့်ချက်တွေ မဲ့လာတဲ့အခါမျိုးမှာ ဗန်ဒယ်ဘိခ်လို အတွေးမျိုးတွေကို တွေးလာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ငါရဲ့ကစားသမားဘဝကြီးက ဘာလဲ ဘယ်လိုလဲ ဆိုတာတွေ တွေးလာနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။