မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အသင်းဟောင်း ဒေါ့မွန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ထားတဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ် အသင်းမှာ မရှိတော့မှ ယူနိုက်တက်အသင်းအတွက် ပြန်ကစားပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက်(၂၄)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ဒီရာသီမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ မပြေလည်မှုတွေ ရှိခဲ့ပြီးနောက် တန်ဟက်ဂ်က ဆန်ချိုကို ပွဲကစားခွင့် မပြုတော့သလို ဆန်ချိုကလည်း ဆောင်းဈေးကွက်မှာပဲ သူ့အသင်းဟောင်း ဒေါ့မွန်ဆီကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Football365

ယူနိုက်တက်မှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ ဆန်ချိုဟာ ဒေါ့မွန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်က ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ယူနိုက်တက်အသင်းဆီသာ ပြန်လည် ပို့ဆောင်ဖို့သာ ရှိနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်ကို ဗြိတိန် ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS က အစုရှယ်ယာ (၂၅)% ဝယ်ယူထားပြီး အသင်းရဲ့ အားကစားပိုင်းဆိုင်ရာကိုပါ တာဝန်ယူနေတာဖြစ်လို့ ဆန်ချို ဂရင်းဝုဒ် အစရှိတဲ့ တခြားအသင်းတွေဆီ အငှားချထားတဲ့ ကစားသမားတွေရဲ့ အနာဂတ် အခြေအနေအတွက်ပါ မကြာခင်မှာပဲ ဆုံးဖြတ်သွားဖို့ ရှိနိုင်ပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့် လူမျိုးစွဲရှိတဲ့ ဆာဂျင်ရက်ကလစ်ဖ်က သူတို့ ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းမှာ အင်္ဂလန်ကစားသမားတွေရဲ့အရေအတွက်ကို ခပ်များများ ရှိစေမှာဖြစ်လို့ ဆန်ချိုလို အင်္ဂလန်ကစားသမား တစ်ဦးကိုပါ အသင်းမှာပဲ ဆက်လက် ရှိနေဖို့ ကြိုးပမ်းဖွယ်လည်း ရှိနိုင်သလို ရောင်းချမယ်ဆိုရင်တောင်မှ လိုချင်တဲ့ ကမ်းလှမ်းမှု ရရှိမှသာ ရောင်းထုတ်သွားနိုင်ပါတယ်။

ဆန်ချိုဘက်ကတော့ ယူနိုက်တက်အသင်းနဲ့ ရေရှည် လက်တွဲသွားဖို့အတွက်က အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်လာဖို့ လိုအပ်နေပြီး သူနဲ့ အဆင်မပြေခဲ့တဲ့ နည်းပြ တန်ဟက်ဂ်လက်အောက်မှာ မကစားချင်တော့ပဲ ယူနိုက်တက်အသင်းဆီ နည်းပြသစ်တစ်ဦး ရောက်လာမှသာ အသင်းအတွက် ပြန်လည် ကစားပေးသွားဖွယ် ရှိနိုင်ပါတယ်။