MySport Myanmar

မကျေလည်မှုတွေ အတွက် တန်ဟက်ဂ်နဲ့ တွေ့ဆုံ ဖြေရှင်းတော့မယ့် ဆန်ချို

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ပြီးခဲ့တဲ့ အပတ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဖြေရှင်းတော့မယ်လို့ သိရပါတယ်။

ဂျေဒန် ဆန်ချိုနဲ့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်တို့က ပြီးခဲ့တဲ့အပတ်မှာ ပွဲကစားခွင့်နဲ့ ပတ်သတ်ပြီး စကားများခဲ့ကြကာ တန်ဟက်ဂ်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့တဲ့ ဆန်ချိုကို အာဆင်နယ်နဲ့ ပွဲအတွက် လူစာရင်း ကနေ ဖယ်ရှားခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ သတင်းထောက် တဦးက ဘာကြောင့် ဆန်ချို တယောက် ဒီပွဲကို လွဲခဲ့တာလဲလို့ မေးခဲ့ချိန်မှာ တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးတွေ မပြသနိုင်ခဲ့တာကြောင့် လူစာရင်းထဲကနေ ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ အင်တာဗျူး ပြီးပြီးချင်းမှာပဲ ဆန်ချိုက သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ ပရိသတ်တွေဟာ တန်ဟက်ဂ် ပြောတဲ့ စကားတွေကို မယုံကြည်သင့်ကြောင်းနဲ့ အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် သူ့ကို ဓားစာခံ အဖြစ် လုပ်နေတာတွေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း စတဲ့ အဓိပ္ပါယ် ရတဲ့ စာကို တင်ခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါစာကြောင့်ပဲ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ရဲ့ အကွဲအပြဲက လူသိရှင်ကြား ဖြစ်လာခဲ့ပြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အများစုနဲ့ ကစားသမားဟောင်း အများစုကတော့ နည်းပြရဲ့ အာဏာကို လူသိရှင်ကြား စိန်ခေါ်ခဲ့တဲ့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ဘယ်တော့မှ ပြန်မကစားပေးသင့်တော့ကြောင်း ဝေဖန်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဆန်ချိုက မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံကာ သူ့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ထားပြီး တန်ဟက်ဂ်က ဆန်ချိုရဲ့ လုပ်ရပ်အတွက် ဒေါသထွက်နေပေမယ့် ဆန်ချိုရဲ့ ဖြေရှင်းချက်ကို နားထောင်ပြီးမှ ဆန်ချိုရဲ့ အနာဂတ် အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တရပ် ချမှတ်မယ်လို့ သိရပါတယ်။

Exit mobile version