MySport Myanmar

တန်ဟက်ဂ်နဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်ကို စွန့်ခွာတော့မယ့် ဆန်ချို

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဆန်ချိုက ပြီးခဲ့တဲ့အပတ်မှာ ဖြစ်ပွားခဲ့တဲ့ အချင်းများမှု အတွက် ယမန်နေ့မှာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ ဂျေဒန် ဆန်ချိုတို့က ပြီးခဲ့တဲ့အပတ်မှာ ပွဲကစားချိန်နဲ့ ပတ်သတ်ပြီး စကားများခဲ့ကြတာ ဖြစ်ပြီး တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားတာကြောင့် ပွဲထွက်ခွင့် မပေးနိုင်ဘူးလို့ အပြတ် ပြောခဲ့သလို ဆန်ချိုကလည်း တန်ဟက်ဂ်ဟာ ပုဂ္ဂိုလ်စွဲကြောင့် (အန်တိုနီကို ဦးစားပေးမှုအား ရည်ရွယ်လျက်) သူ့ကို ပွဲကစားခွင့် မပေးတာလို့ ယုံကြည်နေပါတယ်။

Photo Credit: Mirror

ကနဦးမှာ သူတို့နှစ်ဦးက လေ့ကျင့်ရေးကွင်းမှာသာ စကားများခဲ့ကြတာ ဖြစ်ပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားတာကြောင့် အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ပြောခဲ့ပြီး ဆန်ချိုက တန်ဟက်ဂ်ရဲ့ စကားလုံးတွေဟာ အလိမ်အညာတွေသာ ဖြစ်ကြောင်း လူမှုကွန်ယက်အကောင့် ကနေ ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ အကွဲအပြဲက လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ ပြန်လည် အဆင်ပြေစေဖို့ အတွက် ယမန်နေ့မှာ နှစ်ဦးကြား အစည်းအဝေး တခု လုပ်ပေးခဲ့ပေမယ့် တန်ဟက်ဂ်နဲ့ ဆန်ချိုတို့က ပြန်အဆင်မပြေခဲ့သလို နှစ်ဦးကြားမှာ သဘောထား တင်းမာမှုတွေ ဆက်လက် ရှိနေဆဲပဲလို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirrorရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ရဲ့ အစည်းအဝေး မအောင်မြင်ခဲ့တဲ့နောက် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ကို လာမယ့် ဆောင်းဈေးကွက်မှာ စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချခဲ့သလို တန်ဟက်ဂ်ကလည်း အသင်းမှာ မပျော်တော့တဲ့ ဆန်ချိုကို ရောင်းချဖို့ တာဝန်ရှိသူတွေကို အသိပေးခဲ့ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချိုကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အငှားနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာ မဟုတ်ပဲ အပြီးသတ် ရောင်းချဖို့သာ ပြင်ဆင်ထားကြောင်း ဆိုပါတယ်။

Exit mobile version