မန်စီးတီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ကာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့အပြီးမှာ သူ့ရဲ့ ပင်ကိုယ်ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ကာ လက်ရှိမှာ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကစားသမား ကတော့ အင်္ဂလန်တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုပဲ ဖြစ်ပါတယ်။ အသက်၂၀အရွယ် ဆန်ချိုဟာ အသက်၁၈နှစ်အရွယ်မှာပဲ ဒေါ့မွန် အသင်းထံကို ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြထားနိုင်ခဲ့ကာ ဘွန်ဒက်လီဂါပွဲစဉ် ၂၃ပွဲပါဝင် ကစားထားရာမှာ ၁၄ဂိုးသွင်းယူထားနိုင်သလို ၁၅ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သူပါ။

Photo Credit: Tribuna.com

ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့အပြီးမှာတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ပြီလို့ ဂျာမဏီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေကြသလို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းကလဲ သူတို့အသင်းရဲ့ တောင်ပံကစားသမား ဆာနေးကို လက်လွှတ်ရပါက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။

Photo Credit: Tribuna.com

အင်္ဂလန်အခြေစိုက် Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဆန်ချိုဟာ ဒေါ့မွန် အသင်းကနေ ယခုနှစ်ရာသီကုန်မှာ ထွက်ခွာမှာ ဖြစ်ပေမယ့် ဘယ်အသင်းကို ပြောင်းရွှေ့ရမလဲဆိုတာ အခုချိန်အထိ စဉ်းစား ဆုံးဖြတ်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။ ဒေါ့မွန်အသင်းရဲ့CEO ဖြစ်သူ Watzke ကတော့ သူတို့အသင်းဟာ ဆန်ချိုကို ရောင်းချသွားရင်တောင်မှ လျှော့စျေးနဲ့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆန်ချိုကို ဝယ်ယူလိုတဲ့ အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။ Watzke က ” ကိုရိုနာဗိုင်းရပ် မပြန့်ပွားခင်ကတည်းက ကျွန်တော် ပြောထားပြီးသားပါ။ ကျွန်တော်တိုရဲ့ ဦးစားပေးက ဆန်ချိုကို ဒီမှာ ဆက်ရှိနေစေဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကစားသမားရဲ့ ဆန္ဒကို အလေးထားရမှာပါ။ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက ဆန်ချိုကို ခေါ်ချင်နေတဲ့ ချမ်းသာတဲ့ ကလပ်တွေဟာ စျေးပေါပေါနဲ့ သူ့ကို ခေါ်ယူခွင့် ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဘယ် ကစားသမားကိုမှ လျှော့စျေးနဲ့ ရောင်းထုတ်စရာ မလိုပါဘူး ” လို့ ပြောကြားသွားခဲ့တာပါ။