လီဗာပူးလ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီက ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုအနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရကာ ကမ်းလှမ်းမှုတွေကိုလည်း လက်ခံရရှိနေပေမယ့်လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ခြင်း မပြုလုပ်သင့်သေးပဲ ဒေါ့မွန်မှာ နောက်ထပ်တစ်ရာသီလောက် ထပ်မံကစားဦးမယ်ဆိုရင် ဒီထက်မက ကောင်းမွန်တဲ့ အနာဂတ်အစီအစဉ်တွေ သူ့ဆီကို ရောက်လာနိုင်မှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားလေးဆန်ချိုကို ယူနိုက်တက်အသင်းက နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ အပီအပြင် ကြိုးစားခဲ့ပြီး ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ Dealine Day ကို ကျော်လွန်သွားခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ကြိုးပမ်းမှုကတော့ အဆုံးမသတ်သေးပဲ ဆက်လက်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုတွေ ထပ်ရှိလာသည့်တိုင် ဒီနှစ်နွေစျေးကွက်ထဲမှာတော့ အသင်းပြောင်းဖို့ မသင့်တော်သေးပဲ ဒေါ့မွန်အသင်းမှာပဲ ဆက်လက်ကစားသင့်တယ်လို့ မာဖီက အကြံပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Business Insider

မာဖီက “ယူနိုက်တက်က အခုလောလောဆယ်မှာတော့ ဆန်ချိုအတွက် အဆွဲဆောင်နိုင်ဆုံး အသင်းဖြစ်နေတယ်။ သူတို့အသင်းကလည်း ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းဖြစ်သလို လူငယ်လေးတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ ဆက်လက်ရှိနေသင့်ပြီး သူရဲ့ကစားသမားဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို မလုပ်ဘူးလို့ ထင်မိပါတယ်။ ကိုဗစ်ပြီးလို့ ဘောလုံးလောကအတွင်း ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်သွားရင် သူ့အတွက် ရွေးချယ်စရာတွေက ပိုများလာမယ်။ လီဗာပူးလ် ပြီးရင် သူရဲ့မွေးရပ်က ချယ်လ်ဆီးတို့ရော ပြီးရင် ရီးရဲလ်မက်ဒရစ် ဘာစီလိုနာတို့ကိုပါ ရွေးချယ်လာနိုင်ပါတယ်။ အသင်းကနေ ထွက်ခွာချင်နေပြီလို့ တောင်းဆိုနေမယ့်အစား ယူရိုပြိုင်ပွဲကို ဖြတ်သန်းပြီးမှ အသင်းပြောင်းမယ်ဆိုရင် သူ့အတွက် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်မိပါတယ်” လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို သြဂုတ်လ(၁၀)ရက်နေ့ထိပဲ ကမ်းလှမ်းခွင့်ပေးထားခဲ့တာဖြစ်ပြီး အဲ့ဒီရက်အထိ ယူနိုက်တက်ဘက်ကနေ ဒေါ့မွန်အလိုရှိနေတဲ့ ပမာဏနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဆန်ချိုကို ဒီနွေစျေးကွက်အတွင်းမှာ ခေါ်ယူနိုင်ဖို့က ဖြစ်မလာနိုင်တော့ဘူးလို့ သိရှိရပါတယ်။