ဒေ့ါမွန်အသင်းရဲ့ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကတော့ သူအနေနဲ့ ဒီနှစ်ဘောလုံးရာသီ အစပိုင်းမှာ ဒေါ့မွန်အတွက် ပုံမှန်ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာဟာ ပြီးခဲ့တဲ့ နွေရာသီတလျှောက်လုံးမှာ ထွက်ပေါ်ခဲ့ရတဲ့ သူရဲ့အပြောင်းအရွှေ့ကောလဟာလတွေကြောင့် မဟုတ်ကြောင်းနဲ့ ဒါဟာ ကစားသမားတိုင်း ကြုံတွေ့ရတတ်တဲ့ အခက်ခဲဆုံး အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရခြင်းကြောင့်သာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တာဖြစ်ကာ အသင်းပြောင်းဖို့လည်း နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်ကနေ ဒေါ့မွန်အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ မကမ်းလှမ်းခဲ့လို့သာ ဆန်ချိုအနေနဲ့ ဒေါ့မွန်မှာပဲ ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ ဒီရာသီမှာ သူရဲ့ဒေါ့မွန်အတွက် ဘွန်ဒစ်လီဂါသွင်းဂိုး တစ်ဂိုးမှကို မသွင်းယူနိုင်သေးပဲ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖလားပြိုင်ပွဲတွေမှာသာ တစ်ဂိုးစီ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဆန်ချိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး မနေ့ညက အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ရကာ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ဆန်ချိုကို သတင်းထောက်တွေကနေ အပြောင်းအရွှေ့ကိစ္စ အရှုပ်အထွေးတွေကြောင့် ဒီရာသီအစမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာလားလို့ မေးမြန်းလာခဲ့ရာ ဆန်ချိုက “မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ကစားသမားတိုင်းလိုလိုမှာကတော့ ကစားသမားဘဝအတွင်း ခြေစွမ်းပိုင်းကျဆင်းမှု အနည်းငယ်နဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကလည်း အဲ့ဒီပုံစံအတိုင်းပဲ ရင်ဆိုင်နေရတာပါ။ တခြားအကြောင်းအရာတွေကြောင့်တော့ မဟုတ်ပါဘူး။ အခုလက်ရှိမှာတော့ ဒီလိုပုံစံကနေ ဘယ်လို ပြန်လည်းရုန်းထွက်ရမလဲဆိုတာ စဉ်းစားနေသလို ကျွန်တော့်ကို ယုံကြည်ချက်ပေးတဲ့ နည်းပြတွေနဲ့ အလုပ်တွဲလုပ်နေရလို့လည်း ပျော်ရွှင်မိပါတယ်။ အခုလည်း အင်္ဂလန်အသင်းအတွက်ပါ ပွဲထွက်ကစားခွင့် ရခဲ့ပြီး ကံကောင်းချင်တော့ သွင်းဂိုးတစ်ဂိုးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကျွန်တော် ကစားရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကစားတတ်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆန်ချိုဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ပြိုင်ပွဲစုံ(၉)ပွဲ ကစားထားပြီးနောက် သွင်းဂိုး(၂)ဂိုးပဲ ရယူထားနိုင်သလို (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။