ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြကာ သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့ ဂျေဒန် ဆန်ချိုကတော့ သူဟာ မကြာခင် ကစားရတော့မယ့် နေးရှင်းလိဂ် အုပ်စုအဆင့် ပွဲတွေ အတွက် အင်္ဂလန်ရဲ့ လူစာရင်းထဲမှာ မပါဝင်နိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်ရကြောင်း ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ယူနိုက်တက်ထံ ရောက်ရှိကာစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေနိုင်နေသူပါ။

Photo Credit: Sky Sports

ဂျေဒန် ဆန်ချိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ရရှိနေတာလို့ ပြောမယ် ဆိုရင်လည်း မမှားပါဘူး။

ဆန်ချိုက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် အင်္ဂလန်အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကတော့ အီတလီ ၊ ဂျာမဏီတို့နဲ့ ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန်ရဲ့ လူစာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာတော့ ဆန်ချိုကို ချန်လှပ်ခဲ့ပြီး ဆန်ချိုရဲ့ နေရာမှာ မန်ချက်စတာ စီးတီးနဲ့အတူ ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရတဲ့ ဂရီးလစ်ရှ်ကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ ဆောက်ဂိတ်ရဲ့ ဆန်ချိုအစား ဂရီးလစ်ရှ်ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆန်ချိုကတော့ အင်္ဂလန်အသင်း အတွက် အရွေးမခံခဲ့ရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရပေမယ့် အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲ ပါဝင်နိုင်အောင် နေ့စဉ်နေ့တိုင်း ကြိုးစားသွားမယ်လို့ သူ့ရဲ့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ဆန်ချိုက – “ကျွန်တော်က အင်္ဂလန်အသင်းမှာ ပါဝင်ချင်ပါတယ်။ ဒါက အမှန်တရားပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်က အသင်းရဲ့ လူစာရင်းမှာ အရွေးမခံခဲ့ရပါဘူး။ ကျွန်တော်က ကိုယ့်အလုပ်ကို ဆက်ပြီးတော့ အကောင်းဆုံး လုပ်သွားဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော် နေ့တိုင်း ကြိုးစားမယ်။ အပတ်တိုင်း ကန်ရမယ့် ပွဲတွေမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားမယ်။ ဒါပါပဲ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။