ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုက သူ့အနေနဲ့ ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ တစ်သင်းတည်း တွဲဖက်ကစားခဲ့ရခြင်းဟာ တကယ့် ဂုဏ်ယူစရာဖြစ်ကြောင်းနဲ့ ဒါက သူ့အတွက်တော့ လှုံဆော်မှုကြီးတစ်ခုလည်း ဖြစ်ခဲ့ရတယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။
အသက်(၂၄)နှစ်အရွယ် ဘယ်တောင်ပံကစားသမား ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းက ရော်နယ်လ်ဒိုနဲ့အတူ ၂၀၂၁-၂၀၂၂ နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ တွဲဖက်ကစားခဲ့ရပြီး စုစုပေါင်း (၃၇)ပွဲအထိ အတူတွဲဖက်ကစားခဲ့ရပါတယ်။ ရော်နယ်လ်ဒိုကလည်း ၂၀၂၁ခုနှစ်မှာ ယူနိုက်တက်အသင်းဆီ ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့ဟာ ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ အဆင်မပြေကြသူတွေဖြစ်ပြီး ရော်နယ်လ်ဒိုဆိုရင် တန်ဟက်ဂ်နဲ့ အဆင်မပြေခဲ့လို့ အသင်းနဲ့ပါ စာချုပ်ဖျက်သိမ်းပြီး အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့သလို ကလပ်အသင်းနဲ့ တန်ဟက်ဂ်ကိုပါ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ရော်နယ်လ်ဒို အသင်းကနေ ထွက်ခွာပြီး နောက်တစ်ရာသီမှာလည်း ဆန်ချိုက တန်ဟက်ဂ်နဲ့ အဆင်မပြေခဲ့လို့ အသင်းလူစာရင်းကနေပါ ထုတ်ပယ်ခံထားရသလို အသင်းဘက်ကလည်း ဆန်ချိုကို သူ့အသင်းဟောင်း ဒေါ့မွန်ဆီ ရာသီဝက် အငှားချခဲ့သလို ဒီနွေမှာလည်း ချယ်လ်ဆီးအသင်းဆီ တစ်ရာသီ အငှား+ပေါင်(၂၅)သန်းတန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ပါ လက်လွတ်ခဲ့ပါသေးတယ်။
Photo Credit : Eurosport
အခုဆိုရင် ဆန်ချိုက ချယ်လ်ဆီးအသင်းမှာ ပြိုင်ပွဲစုံ (၂၁)ပွဲအထိ ကစားထားရသလို (၂)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ပါတယ်။ အခုလည်း ဆန်ချ်ိုက သူတွဲကစားခဲ့ဖူးတဲ့ အသင်းဖော်တွေထဲကမှ အကောင်းဆုံးအသင်းဖော်ကို မေးခွန်းထုတ်ခဲ့ရာ ရော်နယ်လ်ဒိုကို ရွေးချယ်သွားခဲ့ပါတယ်။ “ကျွန်တော်က ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ အများကြီး ကစားခဲ့ဖူးပါတယ်။”
“ဒါပေမယ့် တစ်ယောက်ကိုပဲ ရွေးရမယ်ဆိုရင် ကျွန်တော် ရွေးချယ်မယ့်သူက ခရစ္စတီယာနို ရော်နယ်လ်ဒိုပါပဲ။ သူရဲ့ အင်တာဗျူးတွေမှာ ပြောခဲ့တဲ့ အရာအားလုံးက အမှန်တွေပါပဲ။ သူနဲ့အတူ ကစားရတာက တကယ့်ကို ဂုဏ်ယူစရာပါ။ သူရဲ့စိတ်ဓါတ် သူရဲ့လေ့ကျင့်မှုပုံစံနဲ့ ပွဲတွေကို ချဉ်းကပ်ပုံတွေက တကယ့်ကို လှုံဆော်မှုတစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။