MySport Myanmar

အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လည် ပွဲဦးထွက်ချိန်မှာ Assist တစ်ကြိမ် လုပ်ဆောင်ခဲ့တဲ့ ဆန်ချို

ဒီဈေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ အသင်းဟောင်းနဲ့ ပွဲဦးထွက် ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေကို ပြသသွားနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဆန်ချိုဟာ ၂၀၂၁ခုနှစ်မှာ အင်္ဂလန်မြေဆီပြန်ပြီး ယူနိုက်တက်အသင်းနဲ့ လက်တွဲခဲ့ပေမယ့် ယူနိုက်တက်မှာ ဆန်ချိုကို ပုံမှန် ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့တောင် ရုန်းကန်နေခဲ့ရသလို နောက်ဆုံးမှာ နည်းပြနဲ့ အဆင်မပြေဖြစ်ရင်း အသင်းဟောင်းဆီပါ ပြန်သွားခဲ့ရပါတယ်။

Photo Credit : The Sports Mania

အသက် (၂၃)နှစ်အရွယ် တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသခဲ့ပြီး အသင်းရဲ့ အရေးတကြီး ကစားသမား ဖြစ်ခဲ့ရပေမယ့် ယူနိုက်တက်မှာတော့ ဒေါ့မွန်မှာတုန်းကလို အလားတူ စွမ်းဆောင်ရည်တွေ ပြသဖို့ ရုန်းကန်နေခဲ့ရပါတယ်။

အခုတော့ ဆန်ချိုဟာ အသင်းဟောင်းဆီကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ပြီး ဒမ်းစတက်ဒ်အသင်းနဲ့ ပွဲစဉ်အတွင်း ဒုတိယပိုင်း ပွဲကစားချိန် (၅၅)မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိရင်း (၂၂)မိနစ်အကြာမှာပဲ သူနဲ့အတူ လူစားဝင်လာတဲ့ မာကိုရွိုက်စ်ရဲ့ သွင်းဂိုးအတွက် ဂိုးဖန်တီးပေးသွားခဲ့ပါတယ်။

Photo Credit : Goal

ဆန်ချိုအနေနဲ့ သူ့အသင်းဟောင်းနဲ့ ပွဲဦးထွက်မှာ (၃၆)မိနစ်ဝန်းကျင်သာ ကစားခဲ့ရပေမယ့်လည်း ကိန်းဂဏန်း အချက်အလက်တွေအရ ဆန်ချိုရဲ့ နောက်တစ်ကြိမ် ပွဲဦးထွက်က စိတ်ကျေနပ်စရာကောင်းတဲ့ တာထွက်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

တစ်ဖက်မှာ ဆန်ချိုလို ဘွန်ဒက်စ်လီဂါပြိုင်ပွဲဆီ ရောက်ရှိသွားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဒွန်နီ ဗန်ဒယ်ဘိခ်ကလည်း ဖရန့်ဖတ်နဲ့ ပွဲဦးထွက်မှာ တိကျတဲ့ ဘောလုံးပေးပို့မှု (၁၁)ကြိမ် အခွင့်အရေး ဖန်တီးမှု (၁)ကြိမ်နဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်တချို့ကို ပြသသွားနိုင်ခဲ့ပါတယ်။

Exit mobile version