MySport Myanmar

ဖီနာဘာချီအသင်းနဲ့ လုပ်ခလစာပိုင်းမှာ သဘောတူညီမှု ရရှိခဲ့တဲ့ ဆန်ချို

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ်မရှိတော့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ လက်ရှိမှာ အသင်းပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၁၀ သန်းဝန်းကျင်နဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

တူရကီသတင်းစာ Sabah ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ ဂျိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းနဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၁၀ သန်း (ပေါင်၈.၅ သန်း) နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဆန်ချိုအတွက် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေမှာလည်း သိသိသာသာ တိုးတက်မှုတွေ ရရှိနေပြီလို့ ဆိုပါတယ်။

Photo Credit : Goal

သတင်းထောက် Orazio Accomando ရဲ့အဆိုအရ ဖီနာဘာချီအသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ဆန်ချိုအတွက် ယူရို ၁၈ သန်း (ပေါင် ၁၅ သန်း) ဝန်းကျင်နဲ့ တရားဝင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ ဆန်ချိုကို စီးရီးအေကလပ်အသင်းတချို့ကလည်း စိတ်ဝင်စားနေပေမယ့် တူရကီကလပ်က ကမ်းလှမ်းတဲ့ လစာငွေကိုတော့ အီတလီအသင်းတွေက ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆန်ချိုဟာ ပရီးမီးယားလိဂ်ကနေ ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့တဲ့ နောက်ထပ် ကစားသမား ဖြစ်လာနိုင်ပါတယ်။ မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ဆိုဖီယန် အမ်ရာဘတ်နဲ့ ဖရက်ဒ်တို့ဟာ အရင်ကတည်းက ပြောင်းရွှေ့ထားပြီးဖြစ်သလို၊ ဒူဆန် တာဒစ်၊ အီဒင် ဂျက်ကို၊ ကက်ဂလာ ဆိုယွန်ကူ နဲ့ အလန် စိန့်-မက်ဆီမင် တို့လို ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ကစားသမားများစွာလည်း အဆိုပါတူရကီအသင်းမှာ ကစားခဲ့ဖူး၊ ကစားနေဆဲ ဖြစ်ပါတယ်။

Photo Credit : Goal

မန်ယူအသင်းဟာ နည်းပြရူဘင် အမိုရင်ရဲ့ ဦးဆောင်မှုနဲ့အတူ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်ကို ဇူလိုင်လ ၇ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်လို့ အသင်းအတွက် အသုံးမဝင်တော့တဲ့ ကစားသမားတွေကို အမြန်ဆုံး ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်ဟာ ရာသီသစ်အတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းတဲ့အနေနဲ့ မားတစ်ယပ်စ် ကူညာကို ခေါ်ယူထားပြီးဖြစ်ကာ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန် အမ်ဘူမိုကိုလည်း ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Exit mobile version