နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ လက်ရှိအချိန်မှာ သူရဲ့ဒေါ့မွန်အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ရသလို ဒေါ့မွန်နဲ့လည်း ရာသီကြိုခြေစမ်းပွဲတွေမှာပါ ပါဝင်ကစားခဲ့ပြီး အသင်းအတွက်လည်း ခြေစွမ်းပြကစားပေးထားခဲ့ပါတယ်။ ဆန်ချိုက ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး အသင်းနဲ့ပါ သဘောတူညီမှုကိုပါ ရယူထားနိုင်ခဲ့တယ်ဆိုကာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဆန်ချိုကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အာရုံမထားဘူးလို့သာ ပြောဆိုလာခဲ့ပါတယ်။

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုကို ယူနိုက်တက်အသင်းဘက်ကနေ အမှန်အကန် ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း မကမ်းလှမ်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာ စိတ်နစ်ထားခြင်းမရှိဘူးလို့ SoccerBible နဲ့ အင်တာဗျူးအစီအစဉ်မှာ ဖြေဆိုလာခဲ့ပါတယ်။ ဆန်ချိုက “ကျွန်တော်ကတော့ မီဒီယာတွေက ဖော်ပြနေတာအားလုံးကို ကြည့်လေ့မရှိဘူး”

“ဘာကြောင့်လဲဆိုတော့ ဒါတွေကို ကြည့်မိလိုက်ပြီဆိုတာနဲ့ အဲ့ဒါတွေက သင်နဲ့အမြဲပါသွားမှာပါ။ ဒါတွေက ကစားသမားတွေအပေါ်မှာ အရမ်းကို သက်ရောက်စေနိုင်တယ်။ ကျွန်တော်ကတော့ ဒါတွေကြည့်ရှခြင်းမရှိပဲနဲ့ ကွင်းအတွင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ကိုပဲ အာရုံစိုက်ထားတာပါ အထူးသဖြင့် လေ့ကျင့်ခန်းဆင်းတဲ့ အချိန်မျိုးတွေဆိုရင်ပေါ့။ ကျွန်တော်က နေ့စဉ်နေ့တိုင်း တိုးတတ်ကောင်းမွန်လာဖို့ကို လုပ်ဆောင်နေတဲ့သူပါ။ အမြဲတမ်းပျော်ရွှင်နေနိုင်အောင်ပဲ ကြိုးစားနေထိုင်ပါတယ်။ ဆူဆူညံညံသတင်းတွေကို ကျွန်တော်တကယ်ကို ဂရုတစိုက်ထားလေ့မရှိဘူး။ တိုးတတ်ဖို့ကိုပဲ အမြဲအာရုံစိုက်ထားပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ ဆန်ချိုတို့ရဲ့သတင်းတွေဟာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ဘက်ကလည်း ဆန်ချိုအစား တခြားတောင်ပံကစားသမားတွေဖြစ်တဲ့ ဒူးဂလပ်ကော်စတာနဲ့ ဘုန်းမောက်တောင်ပံကစားသမား ဒေးဗစ်ဘရွှတ်စ်တို့ကို ပစ်မှတ်ထားလို့နေသလို ဆန်ချိုကလည်း လာမယ့်ဘောလုံးရာသီကို ဒေါ့မွန်အသင်းနဲ့သာ ဆက်လက်ဖြတ်သန်းသွားဖွယ် ရှိလို့နေပါတယ်။